25 C
Yangon

ရန်ကုန်တွင် ရခိုင်အမျိုးသားပါတီ၏ လူငယ်ခေါင်းဆောင်နှင့် ရခိုင်လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်| ဇွန် ၃

ရခိုင်အမျိုးသားပါတီ ANP လူငယ်ခေါင်းဆောင် ဂန္ဘာရီကို ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နေအိမ်တွင် အခြား ရခိုင်လူငယ် ၃ ဦးနှင့်အတူ မေလ ၃၁ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ဖမ်းဆီးသွားကြောင်း နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ANP လူငယ်ခေါင်းဆောင် ဂန္ဘာရီ၏ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မိသားဝင်များနှင့် ယခုအချိန်အထိ အဆက်အသွယ်မရသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

” ဂန္ဘာရီ အဖမ်းခံရတာ မှန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းစစ်သလိုမျိုး အိမ်ထဲဝင်လာပြီး ဖမ်းသွားတာပါ။ သူနဲ့အတူ ‌နောက်ထပ် ရခိုင်လူငယ် ၃ ဦးလည်း အဖမ်းခံလိုက်ရတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ အတိအကျ မသိရသေးဘူး။ သူတို့ကို ဘယ်ကိုခေါ်သွားလဲ အခုထိ မသိရသေးဘူး။ ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဘန္ဘာရီနှင့်အတူ နောက်ထပ် ဖမ်းဆီးခံရသည့် ရခိုင်လူငယ် ၃ ဦးမှာ မည်သူဖြစ်ကြောင်းကို မသိရသေးပေ။

ဘန္ဘာရီသည် အသက် ၃၄ နှစ်ရှိပြီး အမည်ရင်းမှာ ခင်ဝင်းမောင်ဖြစ်သည်။ ရန်ကုန်မြို့တွင် ကုန်ခဲ့သည့် ၃ နှစ်ကစ၍ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာနေသော ကျောင်းသားတစ်ဦးလည်းဖြစ်သည်။

” ဂန္ဘာရီက အာဏာသိမ်းပြီးကတည်းက ပါတီလှုပ်ရှားမှုတွေ မရှိတော့တဲ့အတွက် နိုင်ငံရေးသိပ္ပံနဲ့ ရန်ကုန်မြို့မှာ လေ့လာနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ကျောင်းတက်နေတဲ့ ကာလမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ မရှိပါဘူး။ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ တခြားသော လူငယ်စွမ်းရည်မြှင့်သင်တန်းတွေ တက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ အခု စစ်ကောင်စီက သူ့ကို ဘာကြောင့်ဖမ်းဆီးတာလဲ။ ဖမ်းဆီးရအောင်လည်း ဘန္ဘာရီက ဘာမှ လုပ်ထားတာ မတွေ့ရဘူး။ ” သူ့အကြောင်းသိသူတစ်ဦးက ပြောသည်။

အာဏာမသိမ်းမီအချိန်က ပါတီများအသက်ဝင်ချိန် ရခိုင်အမျိုးသားပါတီ ANP ထဲတွင် လူငယ်ရေးရာကို တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် ANP Youth Wing ၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

ဘန္ဘာရီသည် နိုင်ငံရေးပါတီတွင် ထဲထဲဝင်ဝင်လှုပ်ရှားခဲ့သည့်အပြင် ရေဘေးကယ်ဆယ်ရေး၊ စစ်ရှောင်များအရေး၊ သဘာဝဘေးအန္တရာယ်အရေး စသည့် လူမှုရေးဆောင်ရွက်မှုများတွင်လည်း တက်တက်ကြွကြွ ကူညီဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

မြန်မာစစ်တပ် အာဏာမသိမ်းမီအချိန်က NLD အစိုးရသက်တမ်းပြီးနောက် လာမည့်ရွေးကောက်ပွဲများတွင် ဂန္ဘာရီကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ANP က လျာထားခဲ့ကြောင်း စုံစမ်းသိရသည်။

သို့သော်လည်း မြန်မာစစ်တပ်က NLD အစိုးရအဖွဲ့ကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်လိုက်ချိန် ဂန္ဘာရီသည် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာရန် ရန်ကုန်မြို့သို့ တက်လာခဲ့သော ကျောင်းသားလူငယ်တစ်ဦးဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article