ရန်ကုန်၊ ဇွန် ၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှင်းပြီး ကင်းပုန်းဝပ်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force MNRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်း၌ မိုင်းရှင်းပြီး ကင်းပုန်းဝပ်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထွက်ပြေး ဆုတ်ခွာသွားကြောင်း သိရသည်။
“မုံရွာ-မန္တလေး လမ်းပေါ်မှာ မိုင်းရှင်း ကင်းပုန်းဝပ်နေတဲ့ စစ်ခွေးတွေကို လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာ ကန်ဖျားဇရပ်ကနေ စစ်ခွေးတွေ နဘဲကြူးဇရပ် အထိ ခွေးပြေးပြေးသွားကျတယ်။ ရာသီဥတုက မိုးအရမ်းရွာတွေတော့ စစ်ခွေး သေစာရင်းကို အတည်မပြုနိုင်ခဲ့ဘူး။ တော်လှန်ရေး ရဲဘော်တွေကတော့ မိုးမိပြီး အနည်းငယ်ဖျားတာကလွဲပြီး ထိခိုက်မှုမရှိခဲ့ပါဘူး” ဟု Moe Nyo Revolution Force MNRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF နှင့် Burma Revolution Force BRF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အနောက်ခြမ်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်း ထံမှ သိရသည်။
မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကောလင်းမြို့နယ်၊ အနောက်ခြမ်းရှိ စံတော်သာကုန်း၊ ဖန်းခါးကုန်းနှင့် ကျောက်ကြမ်းတောင်တွင် အခိုင်အမာ ခံစစ်ပြင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်မှုရှိသောကြောင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ညအချိန်ထိ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
