25 C
Yangon

အွန်လိုင်းရာဇဝတ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုနှင့် BGF တပ်စီးပွားရေးလုပ်ငန်းများတွင် မိသားစု ပါဝင်ပတ်သက်မှု များအပေါ် စောချစ်သူ အပါဝင် BGF ခေါင်းဆောင်များ လိမ်လည်ဖြေကြား (အပိုင်း- ၁)

Must read

အွန်လိုင်းရာဇဝတ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုနှင့် BGF တပ်စီးပွားရေးလုပ်ငန်းများတွင် မိသားစု ပါဝင်ပတ်သက်မှု များအပေါ် စောချစ်သူ အပါဝင် BGF ခေါင်းဆောင်များ လိမ်လည်ဖြေကြား (အပိုင်း- ၁)

ရန်ကုန်၊ ဇွန် ၃

အွန်လိုင်းဒုစရိုက်ဂိုဏ်းများတွင် ပါဝင်ပတ်သက်နေသော ကရင်နယ်ခြားစောင့်တပ် (BGF) ၏ စီးပွားရေးကွန်ရက်အကြောင်း ထုတ်ဖော်ထားသည့် Justice for Myanmar (JFM) ၏ မကြာသေးမီက ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ စီးပွားရေးလုပ်ငန်းများ အကြောင်းသာမက၊ ၄င်းလုပ်ငန်းများရှိ BGF ခေါင်းဆောင် စောချစ်သူနှင့် ၎င်း၏ သားသမီးသုံးဦးတို့၏ ပိုင်ဆိုင်မှု အကြောင်းများသည်လည်း အဓိက အခန်းကဏ္ဍတစ်ခုအနေနှင့် ပါဝင်သည်။

JFM ၏ အစီရင်ခံစာ ထုတ်ပြန်ခဲ့အပြီး၊ ကရင်နယ်ခြားစောင့်တပ်(BGF) ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူ နှစ်ဦးက မီဒီယာအသီးသီးတွင် ဖြေဆိုမှုများ ရှိခဲ့ပြီး၊ ခေတ်သစ်သတင်းဌာနက ရရှိထားသည့် အချက်အလက်များနှင့် ၄င်းတို့ဖြေဆိုထားမှုများအပေါ် တိုက်ဆိုင်စစ်ဆေးရာတွင် မမှန်ကန်သော ဖြေဆိုမှုများကို တွေ့ရှိခဲ့ရသည်။

ဦးစွာ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးစောတင်ဝင်းက BGF ထိန်းချုပ်နယ်မြေတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည် ဆိုသည်ကို သိရှိခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ Irrawaddy Burmese နှင့် KIC သတင်းဌာနများနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးများအတွင်း ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

၄င်းတို့အနေနှင့် လုပ်ငန်းရှင်များကို မြေယာငှားရမ်းခဲ့သော်လည်း၊ သာမန်ကာဆီနိုလုပ်ငန်းများ လုပ်ကိုင်နေခြင်းဟုသာ သိရှိထားပြီး၊ ကျားဖြန့်လုပ်ငန်းအပါအဝင် ရင်းနှီးမြှပ်နှံသူများ၏ လုပ်ငန်းများကို နားလည်သိရှိခဲ့ခြင်း မရှိကြောင်းနှင့် ကျားဖြန့်ဆိုသည်ကိုပင် သိရှိခြင်းမရှိခဲ့ဟု အဆိုပါ အင်တာဗျူးများတွင် ငြင်းဆိုထားသည်။

သို့သော် BGF ခေါင်းဆောင် စောချစ်သူ၏ သူအကြီးဖြစ်သူ စောထူးအယ်မူးသည် နာမည်ဆိုးနှင့် ကျော်ကြားသော ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံဝန်းကြီး နှစ်ခုဖြစ်သည့် Apollo Park နဲ့ Yulong Bay Park များတွင် တိုက်ရိုက်ရင်းနှီးမြှပ်နှံထားပြီး၊ ရှယ်ယာရှင်အဖြစ်နှင့်လည်း ထဲထဲဝင်ဝင် ပါဝင်ပိုင်ဆိုင်နေကြောင်း ကော်ပိုရိတ်မှတ်တမ်းများနှင့် အများပြည်သူလက်လှမ်းမီသည့်ရင်းမြစ်များမှ အချက်အလက်များအပေါ် အခြေခံ၍ Justice for Myanmar အဖွဲ့က အတိအကျ ညွှန်းဆိုထားသည်။

ထို့ပြင် ခေတ်သစ်သတင်းဌာနမှ ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) နှင့် Distributed Denial of Secrets (DDoS) အချက်အလက်များအရလည်း စောချစ်သူ၏ သားအကြီးဖြစ်သူ စောထူးအယ်မူး နှင့် ယခင် BGF တပ်မှုးဟောင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ စောမင်းမင်းဦး တို့နှစ်ဦးသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံဝန်းကြီး နှစ်ခုဖြစ်သည့် Apollo Park နဲ့ Yulong Bay Park များတွင် ဒါရိုက်တာအဖြစ် ထဲထဲဝင်ဝင် ပါဝင်နေသည်ကို တွေ့ရသည်။ (၄င်းတို့နှစ်ဦး၏ ပါဝင်မှု DICA အထောက်အထားတစ်ချို့ကို ခေတ်သစ်တယ်လီဂရန် ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်)။

ဆိုဘ်ဘာငွေလိမ် ဒုစရိုက်လုပ်ငန်း ခြံဝန်းကြီးနှစ်ခုဖြစ်သည့် Apollo Park နှင့် Yulong Bay Park တို့သည် မြဝတီမြို့နှင့် ရွှေကုက္ကိုလ်အကြား သောင်ရင်းမြစ်ဘေးတွင် တည်ရှိပြီး၊ အဆိုပါနေရာများကို တရုတ်ဘာသာစကားဖြင့် “ဝက်များကို အသားတိုးအောင် ကျွေးမွေးပြီး၊ အသားတိုးမှသတ်ခြင်း” ဟု အဓိပ္ပယ်ရသော “Pig Butchering” နေရာများဟု ခေါ်ဆိုလေ့ရှိသည်။ အဆိုပါခြံဝန်းကြီးများအတွင်းတွင် လူကုန်ကူးလုပ်ငန်း၊ အွန်လိုင်းလိမ်လည်ခြင်းများနှင့် အခြားဒုစရိုက် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ဒေသခံနှင့် အဆိုပါနေရာများမှာ ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။

Yulong Bay Park ၏ ရှယ်ယာရှင်များတွင် အဆိုပါ စံမြင့် (စောချစ်သူ)၏ သားဖြစ်သူ စောထူးအယ်မူးနှင့် BGF တပ်မှုးဟောင်း စောမင်းမင်းဦးတို့ ပါဝင်နေပြီး၊ ၄င်းတို့သည် အဆိုပါကုမ္ပဏီတွင် ဒါရိုက်တာများလည်း ဖြစ်ကြသည်။

Apolo Park တွင်လည်း စောချစ်သူ၏ သားအကြီးဖြစ်သူ စောထူးအယ်မူးက ရှယ်ယာရှင်တစ်ဦး ဖြစ်သလို၊ ဒါရိုက်တာ တစ်ဦးအနေနှင့်လည်း ပါဝင်နေသည်။

အလားတူ၊ Yulong Bay Park ဒုစရိုက်ခြံဝန်းကြီးအပါအဝင် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်၏ စီးပွားရေးလုပ်ငန်းပေါင်းများစွာတွင် ပါဝင်နေပြီး၊ UK နိုင်ငံ၏ အရေးယူပိတ်ဆို့ခြင်း ခံထားရသူ ယခင် BGF တပ်ရင်းမှူး ဗိုလ်မှူးကြီး စောမင်းမင်းဦးသည် နံမည်ဆိုးဖြင့် ကျော်ကြားသော အွန်လိုင်းဒုစရိုက် ရထိုက်ကုမ္ပဏီ (Myanmar Yatai International Holding Group Company Limited) တွင်လည်း ကရင်နယ်ခြားစောင့်တပ် (BGF) ကိုယ်စားလှယ်အနေဖြင့် ရှယ်ယာများကို ကိုင်ဆောင်ပိုင်ဆိုင်ထားသည်။ ၄င်းသည် အဆိုပါ ရထိုက်ကုမ္ပဏီတွင် ဒါရိုက်တာ တစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် မြန်မာနောင်းသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု၌လည်း ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက ၄င်း၏ သားနှစ်ဦးဖြစ်သူ စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ နှစ်ဦးသည် နယ်ခြားစောင့်တပ်ဖွဲ့ တွင် အရာရှိငယ်များသာဖြစ်ပြီး၊ သမီးဖြစ်သူ နန်းနှင်းနန္ဒာအေးသည်လည်း ချစ်လင်းမြိုင်ကုမ္ပဏီ၏ ရုံးလုပ်ငန်းများကိုသာ ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း ဖြေဆိုထားသည်။

သို့သော် ခေတ်သစ်သတင်းဌာနက ရရှိထားသည့် Distributed Denial of Secrets (DDoS) အပါအဝင် DICA မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ၊ စောချစ်သူ၏ အဆိုပါ ပြောဆိုချက်များ မှားယွင်းနေကြောင်း တွေ့ရှိခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

ပုံစာ- (၁) BGF တပ် စီးပွားရေးလုပ်ငန်းများတွင် အဓိက ပါဝင်နေသူ BGF တပ်မှုးဟောင်း စောမင်းမင်းဦး(အလယ်)၊ (၂) BGF တပ်ခေါင်းဆောင် စောချစ်သူနှင့် ရွှေကုက္ကိုလ် တရားမဝင်လောင်းကစားရုံပိုင်ရှင်/ ရထိုက်ကုမ္ပဏီဥက္ကဌ (လက်ရှိတွင် ထိုင်းနိုင်ငံ၌ အဖမ်းခံနေရသူ) She Zhijiang၊ နှင့် အခြား DICA မှတ်တမ်းအချို့

(အထက်ဖော်ပြပါ သတင်းနှင့် ပတ်သက်သော ကြည်လင်ပြတ်သားသည့် အချက်အလက်များကို ခေတ်သစ်မီဒီယာ တယ်လီဂရန်ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article