25 C
Yangon

အမေရိကန်အစိုးရက ထိန်းသိမ်းထားသည့် မြန်မာ့နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ပြန်လည်ရရှိရေး ပါမောက္ခ ဒေါက်တာ ရှောင်တာနယ် ဦးဆောင်ကြိုးပမ်းနေဟု NUG ဝန်ကြီးပြောဆို

Must read

ရန်ကုန်၊ ဇွန် ၅

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်အစိုးရက ထိန်းသိမ်းထားသည့် မြန်မာ့နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ပြန်လည်ရရှိရေး ပါမောက္ခ ရှောင်တာနယ် ဦးဆောင်ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန်လ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

အမေရိကန်အစိုးရက ထိန်းသိမ်းထားခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံသည် လက်ရှိအချိန်တွင် အတိုးဖြင့် ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံရှိနိုင်ကြောင်း ၊ အဆိုပါ ငွေကြေးများ ပြန်လည်ရရှိရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာရှောင်တာနယ် ဦးဆောင်၍ လုပ်ဆောင်နေကြောင်း၊ အဆိုပါ ငွေကြေးများကို ရရှိနိုင်ရန် NUG နှင့် တိုင်းရင်းသားမဟာမိတ်များ စုပေါင်း၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို NUG နှင့် တော်လှန်ရေးမဟာမိတ်များထံသို့ ပေးရန်၊ မပေးရန် အမေရိကန်သမ္မတ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ အဓိကမူတည်ကြောင်း၊ မျှော်လင့်ချက်ရှိပြီး လွယ်ကူပါသလားဟု မေးပါက အလွန်ကြိုးစားနေရဆဲကိစ္စဖြစ်ကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ပေးရန် ဆုံးဖြတ်သည်ဆိုပါက ချက် ချင်း ရနိုင်သော သာဓကများလည်း ရှေ့တွင် ရှိထားပါကြောင်း၊ ဥပမာအားဖြင့် ရုရှားနိုင်ငံ၏ ပြည်ပ ပိုင်ဆိုင်မှုများ ကို ဖမ်းထိန်းထားပြီး ယင်းအနက်မှ အတိုးကို ယူကရိန်းကို ပေးမည်ဟု အမေရိကန်နှင့် အီးယူ တိုင်ပင်တာမျိုး ရှိကြောင်း၊ ယင်းကိုလည်း နမူနာယူ ကြိုးစားနေကြောင်း ၎င်းက ရှင်းပြသည်။

တော်လှန်ရေးသည် ခုခံတော်လှန်စစ်ဖြစ်၍ စစ်ရေးကဲပါကြောင်း၊ သို့သော် အထက်ပါငွေကြေးများကို ရရှိမည်ဆိုပါက ပြည်သူများအတွက် ကုစားပေးရေး ကိစ္စများတွင် အဓိကသုံးမည့် မူဝါဒရှိပါကြောင်း၊ အခြေအနေမှာ အမေရိကန်အစိုးရပေါ်မူတည်၍ မည်သည့် အချိန်ရမည်ကို ပြောရန်ခက်ခဲကြောင်း၊ သို့သော် ပျက်ကွက်ရခြင်းမျိုး မရှိရလေစေရန် ရှိသမျှ အရင်းအမြစ်အားလုံးအသုံးပြု၍ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသဖြင့် ကြိုးစာနေခြင်းဖြစ်ကြောင်း NUG ဝန်ကြီးက ရှင်းပြသည်။

“ဒီကိစ္စက အမေရိကန်သမ္မတ လက်ရှိကတော့ သမ္မတဂျိုးဘိုင်ဒန်ပေါ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ အဓိကမူတည်ပါတယ်။ ဒါသည်မျှော်လင့်ချက်မရှိဘူးလားဆိုတော့ မျှော်လင့်ချက်ရှိပါတယ်။ ရဖို့လွယ်သလားမေးရင် တော့ ရဖို့အတွက် ကျွန်တော်တို့ တော်တော်လေးကြိုးစားနေရဆဲဖြစ်တယ်။ ဒီအရွေ့ကတော့ ဆုံးဖြတ် ချက် သည် အမေရိကန်အစိုးရအပေါ်မှာ မူတည်နေတဲ့အတွက် ဘယ်တော့လောက်ရမယ်ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ သို့သော်ကျွန်တော်တို့လုပ်စရာရှိတာကိုတော့ ကျန်ခဲ့တာမရှိရအောင် ပျက်ကွက်မှုမရှိရအောင် ရှိသမျှအရင်းအမြစ်အားလုံးနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်လျက်ရှိတယ်” ဟု အမျိုးသားညီညွတ် ရေးအစိုးရ-NUG၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန်လ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article