25 C
Yangon

မုံရွာမြို့နယ်ရှိ သက္ကယ်ကျင်းရွာသား ၁ ဦး စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ညောင်ပင်တဲရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု PDF ရဲဘော် ၂ ဦးကျဆုံး

Must read

မုံရွာမြို့နယ်ရှိ သက္ကယ်ကျင်းရွာသား ၁ ဦး စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ညောင်ပင်တဲရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု PDF ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာသား ၁ ဦး ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် လယ်ဇင်ကျေးရွာမှ သက္ကယ်ကျင်းကျေးရွာဘက်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးသည် စစ်ကြောင်းနှင့် ထိပ်တိုက် တွေ့ဆုံမိပြီး ဖမ်းဆီး သတ်ဖြတ်ခြင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီး သတ်ဖြတ်ခဲ့သူမှာ မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများကို အခုဇွန်လ ဆန်းပိုင်းကစတင် ပြီး စစ်ကြောင်းထိုး၍ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်လေ့ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ထို့ပြင် မုံရွာမြို့နယ်၊ ညောင်ပင်တဲရွာစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မုံရွာမြို့နယ် ညောင်ပင်တဲကျေးရွာစာသင်ကျောင်း၌ ရပ်ရွာလုံခြုံရေးကိစ္စနှင့် ပတ်သက်ပြီး ဒေသ ကာကွယ်ရေးအဖွဲ့များ အစည်းအဝေးပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုသည် အကြမ်းဖက် စစ်တပ်ထံ သတင်းပေးများရှိခြင်းကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ အစည်းအဝေးပြုလုပ်နေသည့် နေရာကို ဗုံးသီး ကျရောက် ပေါက်ကွဲခြင်းမရှိသော်လည်း ကျောင်းဝင်းအပြင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လုံခြုံရေးယူနေသည့် တော်လှန်ရေး ရဲဘော် စာကလေးနှင့် ရဲဘော်ရှမ်းကြီး တို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article