25 C
Yangon

နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကူကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

Must read

နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကူကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

■ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာရှိ နေအိမ် ၃ လုံးကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ ဖျက်စီး

ရန်ကုန်၊ ဇွန် ၁၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကူကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် အစောပိုင်းတွင် ကူကုန်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာအတွင်း ထွက်ပြေးနိုင်ခြင်းမရှိဘဲ ကျန်ရှိခဲ့သော အသက် ၇၀ ကျော်အရွယ် ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် ပစ်သတ်သွားသော ပြည်သူ ၃ ဦးထဲမှ ဦးဘိုဌေး၏ ရုပ်အလောင်းကိုသာ ရှာတွေ့ထားပြီး ကျန် ၂ ဦး၏ ရုပ်အလောင်းများ ပျောက်ဆုံးနေကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကူကုန်းရွာရှိ နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ရွာထဲဝင်လာတော့ အသက်ကြီးတဲ့ လူတွေက မပြေးကျဘူး။ ငါတို့က မလုပ်နိုင်မကိုင်နိုင်ဆိုတော့ မသတ်လောက်ပါဘူး ထင်ပြီး နေခဲ့တာကို စစ်ခွေးက ရွာမှာကျန်ခဲ့တဲ့ အသပ်အရွယ်ကြီးနေတဲ့ ပြည်သူ ၃ ဦးလုံးကို သတ်သွားတာ အလောင်းတွေကိုလည်း နေအိမ်ထဲထည့်ပြီး မီးရှို့ ဖျောက်ဖျက်သွားတယ်။ အခုပြန်ရှာလို့ တွေ့တာ ဦးဘိုဌေး ၁ ဦးရဲ့ အလောင်းပဲတွေ့သေတယ်။ ကျန်တဲ့ ၂ ဦးကတော့ ပျောက်နေတုန်းပဲ နေအိမ် အများအပြားလည်း မီးရှို့ဖျက်ဆီးခံရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကူကုန်းရွာအနီးရှိ မင်းရွာတွင် တပ်စွဲထားပြီး ကျန်ရှိနေသော စစ်ကြောင်းသည် ဘူးကိုင်းရွာ၌ တပ်စွဲထားကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများရှိနေ၍ ဒေသပြည်သူများသည် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ နေအိမ် ပျက်စီးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ဆက်လက်ကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ထနောင်းတောမြောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ့ပိုင် နေအိမ် ၃ လုံးကို အကြောင်းမဲ့ မီးရှို့ ဖျက်စီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယနေ့ နံနက် ၄ နာရီခန့်တွင် မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှ အင်အား ၅၀ ကျော်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မအူဂိတ်မှ တောင်ဘက်သို့ ထွက်လာပြီး နံနက် ၅ နာရီခန့်တွင် ထနောင်းတောမြောက်ရွာသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကျေးရွာအတွင်းကို ဝင်ရောက်လာပြီးနောက် နံနက် ၆ နာရီခန့်တွင် ရွာအလယ်မှပြည်သူ့နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်နေအိမ် ၁ လုံးသည် မီးကူးကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီးနောက် နံနက် ၈ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မအူဂိတ် အတွင်းကို ပြန်လည် ဝင်ရောက်သွားပြီး မုံရွာမြို့အတွင်းကို ကား ၂ စီးဖြင့် ထွက်ခွာသွားကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ ဘာတိုက်ပွဲမှာလည်း မရှိဘူး။ အကြောင်းမဲ့ ဝင်ရှို့သွားတာပါ” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦး ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article