25 C
Yangon

စစ်တွေမြို့နယ်ရှိ ကျေး ရွာ ၁၂ ခုမှ ပြည်သူများကို စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်ပြီး စစ်တွေမြို့ထဲသို့ လူသားဒိုင်းကာ ဓားစာခံအဖြစ် ခေါ်ယူနေ

Must read

ရန်ကုန်| ဇွန် ၁၁

ရခိုင်ပြည် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်း အဓမ္မနှင်ထုတ်နေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) က ယမန် နေ့ ထုတ်ပြန်ထားသည်။

ကျေးရွာသားများအား နှင်ထုတ်ပြီးပါက ရွာအတွင်း နေအိမ်များအားလုံးကို စစ်ကောင်စီက ဖြိုဖျက်မည်ဖြစ်ကြောင်း၊ ဖြိုဖျက်ခံရမည့် ကျေးရွာများမှာ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာများမှာ ယမန်နေ့ ဇွန်လ ၁၀ ရက်မှ ၁၄ ရက်နေ့ ၅ ရက်အတွင်း မိမိအစီအစဉ်ဖြင့် နေအိမ်များကို ဖြိုဖျက်ပြီး စစ်တွေမြို့ထဲသို့ လာရမည်ဖြစ်ကြောင်း၊ အကယ်၍ နေအိမ်များကို မိမိအစီအစဉ်ဖြင့် မဖြိုဖျက်ပါက ၆ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြိုဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဗျိုင်းဖြူရွာကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန်အတွက် အဆိုပါ ၁၂ ရွာမှ ပြည်သူများကို စစ်တွေမြို့ထဲသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် ရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညွှန်ကြားခဲ့ကြောင်း၊ ၆ ရက်မြောက်နေ့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျေးရွာသားများအား ကားများဖြင့် ခေါ်ယူရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီက စစ်တွေမြို့တိုက်ခိုက်ခံရချိန် ဒေသခံ ရခိုင်ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ထားနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ရခိုင်စစ်ရေးသုံးသပ်တစ်ဦးက ပြောသည်။

” ဒီကျေးရွာတွေကတစ်ဆင့် စစ်တွေမြို့ကို စိမ့်ဝင်ပြီး ထိုးစစ်ဆင်တိုက်လာမှာကို စစ်ကောင်စီက စိုးရိမ်နေတာ။ စစ်တွေမြို့ ပတ်လည်က ကျေးရွာတွေမှာ လူတစ်ဦးတစ်ယောက်မှ မရှိရဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီက လုပ်နေတာ။ ဒါမှ စစ်ကောင်စီက အချိန်ပြည့် ဗုံးကျဲတိုက်ခိုက်လို့ရမယ်ဆိုတဲ့ သဘော။ စစ်တွေမြို့ရဲ့ အပြင်ဘက် ၁၅ မိုင်ပတ်လည်ကို ကြိုရှင်းလင်းထားတဲ့ သဘောလို့ ယူဆလို့ရတယ်။ အဲဒီ ၁၅ မိုင်ပတ်လည်ကို AA က ဘယ်လိုမှ ဝင်လာလို့မရအောင် စစ်ရေးဗျူဟာတစ်ခုပေါ့နော်။ တစ်ဖက်မှာလည်း အနီးအနားကျေးရွာတွေက ပြည်သူတွေကို စစ်တွေမြို့ထဲကို ထည့်ထားမယ်။ ဒါဆို AA ကို ဓားစာခံတွေရှိတဲ့ ပုံစံမျိုး စစ်ကောင်စီက လုပ်မယ်ပေါ့။ ဒါကြောင့် အခု မဖြစ်မနေ ပြောင်းရွှေ့ရမယ့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ထောင်ချောက်မှာ မပိတ်မိစေဖို့နဲ့ တကယ်လို့ ပြောင်းရမယ်ဆိုရင်တောင် AA ထိန်းချုပ်နယ်မြေကို ပြောင်းရွှေ့စေချင်တယ်။ ” ဟု ၎င်းက သုံးသပ်ထားသည်။

AA ကလည်း စစ်တွေမြို့ထဲက ဒေသခံပြည်သူများအပါအဝင် ကျေးရွာအသီးသီးက ပြည်သူများအနေဖြင့် စစ်တွေမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည်၍ လွတ်မြောက်နယ်သို့ အမြန်ဆုံးပြောင်းရွှေ့ရန် တိုက်တွန်းထားပြီး စစ်တွေမြို့ထဲသို့ ပြောင်းရွှေ့လာပါက စစ်ကောင်စီ၏ ဓားစာခံထောင်ချောက်သို့ ရောက်ရှိသွားပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ၎င်းက ဆက်လက် အကြံပြုပြောဆိုထားသည်။

စစ်တွေမြို့ထဲမှာရှိသည့် စစ်ကောင်စီ၏ ပြည်နယ်အုပ်ချုပ်ရေးယန္တရား မကျဆုံးစေရေးနှင့် မြို့တော်စစ်တွေ မကျဆုံးရှုံးစေရေးအတွက် စစ်ကောင်စီက နောက်ဆုံးစစ်ပွဲအဖြစ် ပြည်သူများကို ခုတုံးလုပ်ကာ ပြင်ဆင်နေသည်ဟု ရခိုင်စစ်ရေးစောင့်ကြည့်သူများက ပြောဆိုကြသည်။

စစ်တွေမြို့ကို တိုက်ခိုက်မည်ဟု AA က ကြေညာပြီးနောက်ပိုင်း မြို့ခံအများစု မြို့ကိုစွန့်ခွာနေချိန် စစ်ကောင်စီသည် အနီးအနားကျေးရွာများက ဒေသခံပြည်သူများကို စစ်တွေမြို့ထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွပ်သွင်းနေခြင်းဖြစ်သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article