30 C
Yangon

စစ်ကောင်စီက ကျပ်ငွေဘီလီယံများစွာ ရိုက်ထုတ်ခြင်း၊ VPN ပိတ်ပင်ခြင်းများ လုပ်ဆောင်ပြီးနောက် ပြည်သူများ ဒီဂျစ်တယ်ငွေကြေး နှင့် ဒီဂျစ်တယ်ငွေပေး ချေမှုစနစ် အသုံးပြုရန် ညွှန်ကြားပြန်

Must read

Non-CDM ဝန်ထမ်းနှင့်စစ်သားများကို လစာပေးခြင်း၊ စစ်ကောင်စီ အသုံး စရိတ်များကို ငွေရိုက်မထုတ်တော့ဘဲ ဒီဂျစ်တယ်ငွေကြေးဖြင့် ပေးရန် ကြိုးစားမှုဖြစ်နိုင်၍ ကျရှုံးရန်သာရှိ

ရန်ကုန်၊ ဇွန် ၁၄

အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ခြင်း၊ VPN များ ပိတ်ပင်ခြင်းများ လုပ်ဆောင်ပြီးနောက် ပြည်သူများ ဒီဂျစ်တယ်ငွေကြေးနှင့်ဒီဂျစ်တယ်ငွေပေးချမှုများ အသုံးပြုရန် အမိန့် ထုတ်ပြန် ညွှန်ကြားလာကြောင်း ဗဟိုဘဏ်က ပေးပို့သော ညွှန်ကြားစာအရ သိရှိရသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်သော ညွှန်ကြားချက်တွင် ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ဝန်ကြီးဌာနနှင့် အများပြည်သူများ ဒီဂျစ်တယ် ငွေပေးချေမှုများကို အသုံးပြုနိုင်ရေးအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သော ပေးချေမှုများအတွက် CBM-System ACH စနစ် အသုံးပြုရန်၊ QR အသုံးပြုငွေပေးချေမှုများ၊ လက်ရှိ အကောင်အထည်ဖော်နေသည့် Digital Payment Switch နှင့်ချိတ်ဆက်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

စစ်ကောင်စီဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များမှာ

၁ – လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ ။

၂ – လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအပါအဝင် အုပ်စုအတွက် လုပ်ဆောင်ရွက်မှု ပမာဏအား တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀။

၃ – မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ်ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်။

၄ – ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေးချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်။

၅ – ကျပ်သိန်း ၁၀၀ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန် ။

၆ – ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Functionကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန်။

၇ – စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း ( လူပုဂ္ဂိုလ်ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန်။

၈ – Merchant များအတွက် မှတ်ပုံတင်ရာတွင် အချက်အလက် မှန်ကန်မှု ရှိစေရေး သေချာစိစစ်ရန်၊ အမှန်တကယ် Merchant ဖြစ်ကြောင်း ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများက အာမခံပေးရန် တို့ကို သတ်မှတ်ထားသည်။

စစ်ကောင်စီဗဟိုဘဏ်၏ သတ်မှတ်ချက်များကို မလိုက်နာပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိ အသုံးပြုနေသော ငွေရေးကြေးရေးကဏ္ဍကို ဒီဂျစ်တယ်ငွေကြေး အဖြစ် ပြောင်းလဲ အသုံးပြုရန် စီစဉ်ခြင်းမှာ ကျပ်ငွေဘီလီယံရိုက်နှိပ်နေရခြင်းမှ ရှောင်ရှားရန် အဓိက ဖြစ်ပြီး ဒီဂျစ်တယ်ငွေရေးကြေးရေးအတွက် အာမခံချက် မရှိကြောင်း၊ နိုင်ငံတကာကဲ့သို့ ဒီဂျစ်တယ် ငွေရေးကြေးရေးနှင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ချိတ်ဆက်ထားခြင်းမရှိဘဲ လက်ပူတိုက်၍ ကျပ်ငွေ ဘီလီယံချီ ရိုက်ထုတ်ရခြင်း ရှောင်ရှားရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု စီးပွားရေးကျွမ်းကျင်သူ တချို့က မှတ်ချက်ပြုသည်။

“သူ့ကို ဘယ်လိုသွားယုံမလဲ။ ငွေတွေအများကြီး ရိုက်ထုတ်နေရတာကို သူက ဝန်ထမ်းတွေကို လစာပေးရင် ဒီဂျစ်တယ် ငွေကြေးနဲ့ပေးမယ်။ ဝန်ကြီးဌာနအသုံးစရိတ်တွေကို ဒီဂျစ်တယ်ငွေပေးချေမှုနဲ့ ပေးမယ်ပေါ့။ ဒီလိုလုပ်ချင်တာ။ အဲဒါကလည်း တကယ်တော့ ခိုင်မာတဲ့ စီးပွားရေးရှိရမယ်။ ငွေလဲနှုန်းငြိမ်ရမယ်၊ တိုင်းပြည်ရဲ့ GDP နဲ့ စီးပွားရေး Sector တစ်ခုလုံး တည်ငြိမ်မှ ဒီဂျစ်တယ်ငွေကြေးက ထွန်းကားတာ။ အခြေခံအချက်တွေ အများကြီးပဲ။ အဲဒါတွေပြောရင် အများကြီးပဲ။ လိုရင်းကတော့ အခု စစ်တပ်က စျေးကွက်စီးပွားရေးမဟုတ်ဘဲ လုပ်ချင်သလိုလုပ် ဖမ်းချင်သလို ဖမ်း နေတဲ့အချိန်မှာ ဘယ်လိုမှ ဒီဂျစ်တယ်ငွေကြေးစနစ်က မအောင်မြင်နိုင်ပါဘူး။ ငွေတွေ မရိုက်ထုတ်တော့ဘဲ ဝန်ထမ်းတွေနဲ့ စစ်သားတွေကို ဒီဂျစ်တယ်ငွေကြေးနဲ့ လစာပေးဖို့ ပြောင်းလုပ်တဲ့ လုပ် ရပ်လို့ ပဲ မြင်ပါတယ်။ အင်တာနက်တောင် တစ်နိုင်ငံလုံး ဖြတ်တောက်နေတာ ဘယ်လို ဒီဂျစ်တယ်ငွေကြေးသုံးမလဲ” ဟု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ CDM အရာရှိတစ်ဦးက သုံးသပ်ပြောဆိုမေးခွန်းထုတ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article