25 C
Yangon

အကြမ်းဖက်စစ်အုပ်စုကို အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး၊ မယူရေး ယခုနှစ်ကုန် ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်မည်

Must read

ရန်ကုန်၊ ဇွန် ၁၄

အကြမ်းဖက် စစ်ကောင်စီကို အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး၊ မယူရေးကို လာမည့် ILO အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ILO အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ဖြိုးစန္ဒာစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် လူမျိုးတုန်းသတ်ဖြတ်နေမှုများ ကျူး လွန်နေသော အကြမ်း ဖက် စစ်တပ်၏ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI )၏ စစ်ဆေးတွေ့ရှိချက်တွင် အထင်အရှားပေါ်လွင် နေကြောင်း၊ အဆိုပါကျူးလွန်မှုများအတွက် စစ်အုပ်စုကို တာဝန်ခံရန်နှင့် ထိရောက်သည့် အပြစ် ပေး အရေးယူမှုများ ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI)က တိုက်တွန်းထားကြောင်း၊ စစ်အုပ်စုကို ILO ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၃ ဖြင့် အရေးယူရန် ယခု ကျင်းပနေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံအတွင်း တောင်းဆိုနေကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ရှိနေသရွေ့ အလုပ် သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပြည်သူတစ်ရပ်လုံးသည် မည်သည့်အခြေခံ အခွင့် အရေးမျှ ရရှိနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူလူထုက ရွေးကောက်တင် မြှောက် ထားသည့် ပြည်သူ့အစိုးရ NUG ကို အသိအမှတ်ပြု၍ ILO ၏ သုံးပွင့်ဆိုင်ယန္တရား လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်စေခြင်းဖြင့် မြန်မာနိုင်ငံတွင် အခြေခံအခွင့်အရေးများ မြှင့်တင်ကာကွယ်စောင့်ရှောက် ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာအလုပ်သမားအရေး လှုပ်ရှားသူများက ထောက်ပြကြသည်။

မြန်မာစစ်ကောင်စီကို အရေးယူရေးအတွက် လာမည့် ILO အုပ်ချုပ်ရေးအဖွဲ့ ညီလာခံတွင် ဆုံးဖြတ် မည်ဖြစ်ပြီး ဆုံးဖြတ်ချက်သည် ရွှေ့ဆိုင်းမရတော့ဟု ILO အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ဖြိုးစန္ဒာစိုးက ပြောဆိုသည်။

“လာမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာလ ILO Governing Body မီတင်မှာ လုံး၀ကို အသေအချာ သေ ချာပေါက် ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဲဒီမီတင်ကနေ ထပ်ပြီး ရွှေ့ဆိုင်းလို့မရတော့ဘူး။အဲဒီမီတင်မှာ တစ်ခုခု ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ ရလဒ်ကို မြန်မြန်မြင်ချင်ရင် ကျမတို့ ပြည်သူလူထုနဲ့ တော်လှန် ရေးအင်အားစုတွေကြားထဲမှာ အသံညီဖို့လိုအပ်တယ်။ တကယ်က ကျမတို့သာ အသံညီမယ်ဆိုရင် ဒီဆုံးဖြတ်ချက်က လွန်ခဲ့တဲ့ နှစ်ကတည်းက ကျနေပြီ။ ကျမတို့ကြားမှာ အသံမညီခဲ့လို့ လုပ်တဲ့အစိုးရတွေက ဒီဟာကို အရေးယူဖို့ စဉ်း စားနေရတာဖြစ်တယ်။ အရေးယူမှု ဆုံးဖြတ်ချက်ကို လိုချင်ရင် အသံညီညီနဲ့ ပိုပြီးတော့ အသံထုတ်ပေးပါ။ အလုပ်သမားတွေလည်း အသံထုတ်ပေးပါ။ သမဂ္ဂတွေလည်း အသံထုတ်ပေးပါ။ တော်လှန်ရေး အင်အားစုတွေကြားထဲမှာလည်း အသံပိုပြီးတော့ ထုတ်ပေးပါ။ အဲဒီအသံကို ကြားရင် ဆုံးဖြတ်ရတာ Action ယူ တာပိုပြီးတော့ လွယ်ပါတယ်လို့။ ဒီလောက်အထိ ကြန့်ကြာနေသလဲဆိုရင် ကျမတို့ကြားထဲမှာ အသံမညီလို့ ဖြစ်ပါတယ်။ မြန်မြန်အရေးယူစေချင်ရင် မြန်မြန်အသံညီဖို့ပဲ လိုပါတယ်” ဟု ILO အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ဖြိုးစန္ဒာစိုးက ပြောဆိုသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံ ကို ဇွန်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိရာ စစ်ကောင်စီ၏ ကိုယ်စားလှယ်များ တက်ရောက်ခွင့်မရရှိဘဲ NUG ၏ ကိုယ်စား လှယ်များသာ တက်ရောက်ခွင့်ရရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article