27 C
Yangon

အကြမ်းဖက် စစ်တပ်က ၎င်းတို့လက်အောက်ခံ သံရုံးများမှ တဆင့် သတင်းမှား၊ လုပ်ကြံသတင်းများ ဖြန့်ဝေနေ၍ နိုင်ငံတကာ အသိုင်းအဝိုင်းက သတိထားကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး တိုက်တွန်း

Must read

အကြမ်းဖက် စစ်တပ်က ၎င်းတို့လက်အောက်ခံ သံရုံးများမှ တဆင့် သတင်းမှား၊ လုပ်ကြံသတင်းများ ဖြန့်ဝေနေ၍ နိုင်ငံတကာ အသိုင်းအဝိုင်းက သတိထားကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး တိုက်တွန်း

ရန်ကုန်၊ ဇွန် ၂၆

အကြမ်းဖက် စစ်တပ်က နိုင်ငံခြားအခြေစိုက် ၎င်းတို့၏ လက်အောက်ခံ နိုင်ငံခြားသံရုံးများနှင့် ၎င်းတို့၏ ရုပ်သံသတင်းများမှ တဆင့် သတင်းအမှားများ၊ ဖန်တီး လုပ်ကြံထားသော သတင်းများဖြန့်ဝေလျက်ရှိပြီး နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် သတိပြုကြရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြား သည်။

ဇွန်လ ၂၅ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းသည့် ၂၀၂၃ ခုနှစ် အတွက် လုံခြုံရေး ကောင်စီ၏ နှစ်စဉ်အစီရင်ခံစာ (Annual Report of the Security Council for 2023) နှင့် ပတ်သက်၍ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

မတရား စစ်အာဏာသိမ်းထားသည့် စစ်တပ်က သတင်းအမှားများ၊ ဖန်တီး လုပ်ကြံထားသော အ ချက်အလက်များဖြင့် ဝါဒဖြန့်ကာ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအပေါ် မကြာခဏ မဟုတ်မမှန်စွပ်စွဲအမည်ဖျက် ပြောကြားလျက်ရှိပြီး များစွာသောဖြစ်စဉ်များအနက် ဇွန်လ ၁၉ ရက် နေ့က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ထင်ရှားပါကြောင်း ကုလသသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

ယင်း ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားပြီးချင်းတွင် စစ်တပ်က ယင်းပစ်ခတ်မှုများကို ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟု ဆိုကာ ၎င်းတို့၏ သတင်းမီဒီယာ ရုပ်သံများတွင် ကြေညာ ခဲ့ကြောင်း၊ ထို့ပြင် ယာဉ်မောင်းကိုလည်း ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု မဟုတ်မမှန်ထွက်ဆိုရန် အတင်းအကျပ်ခိုင်းစေခဲ့ကြောင်း၎င်းက ဆက်လက်ပြောကြား သည်။

စစ်တပ်မှ အသက်ရှင် ကျန်ရစ်သူ ယာဉ်မောင်းအား လိမ်လည်ထွက်ဆိုရန် အတင်းအကျပ် ခိုင်းစေ ခြင်းက ပြည်သူများကို ဖိနှိပ်ရန်နှင့် အမှန်တရားအား ဖုန်းကွယ်လိုသည့် စစ်တပ်၏ အားထုတ်မှုကို အတိုင်းသားပြသခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်အနေဖြင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ပြည်သူများ နှင့် အခြားသူများကိုသာ ပြစ်တင်ပုံချရန် ကြိုးပမ်းခြင်းမှာ ယခုဖြစ်စဉ် တစ်ခု သာမကဘဲ အလားတူ ဖြစ်စဉ် မြောက်များစွာရှိကြောင်း အထူးသဖြင့် စစ်တပ်သည် ၎င်းတို့ ထိန်းချုပ်ထားသော နိုင်ငံခြား အခြေစိုက် မြန်မာသံရုံးများနှင့် ၎င်းတို့၏ သတင်း ရုပ်သံများမှ တဆင့် သတင်းအမှားများ၊ ဖန်တီး လုပ်ကြံထားသော အချက်အလက်များကို ဖြန့်ဝေကာ နိုင်ငံတကာအသိုက်အဝန်းအား အထင်အမြင် လွဲမှားစေရန် လှည့်စား လုပ်ဆောင်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား သည်။

နိုင်ငံအချို့အနေဖြင့် စစ်တပ်၏ မှန်ကန်မှုမရှိသော သတင်းအချက်အလက်များကို နားယောင် လျက်ရှိပြီး စစ်တပ်၏ အဆိုပါလှည့်စားလုပ်ဆောင်ချက်များကို သတိချပ်ရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားသည်။

အရေးတကြီးလိုအပ်နေမှု၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအပေါ် ရိုက်ခတ်မှုနှင့်အတူ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှု တိုးတက်မှုမရှိခြင်းနှင့် စစ်တပ်မှ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အား လိုက်နာရန် ပျက်ကွက်နေခြင်းတို့အပေါ် အခြေ ခံ၍ အထွေထွေညီလာခံနှင့် လုံခြုံရေး ကောင်စီတို့အနေဖြင့် ဖြစ်စွမ်းနိုင်သမျှသော နည်းလမ်းအားလုံး ကို အသုံးချကာ ခိုင်မာထိရောက်သော အရေးယူဆောင်ရွက်များနှင့် အစီအမံများကို ချမှတ်၍ မြန်မာ့ အရေး အတွက် လက်ဆုပ်လက်ကိုင်ရှိသော ရလဒ်များကို ဆောင်ကြဉ်းပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုထားသည်။

လုံခြုံရေးကောင်စီအနေဖြင့် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြီးတိုင် ချုပ်ငြိမ်းစေရန်၊ ရက်စက် ကြမ်းကြုတ်မှုများကြောင့် နစ်နာရသူများအတွက် တရားမျှတမှု ပြန်လည် ဖော်ဆောင်ရန်နှင့် စစ် တပ်အား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲ ပြောင်းတင်သွင်းသင့်ကြောင်း ဆက်လက်တိုက်တွန်းထားသည်။

ထို့အတူ နိုင်ငံတကာအသိုက်အဝန်းထံမှလည်း စုပေါင်းအရေးယူဆောင်ရွက်မှုကို ထပ်တူ ထပ်မျှ လိုအပ်လျက်ရှိပြိး မြန်မာနိုင်ငံရှိ အပြစ်မဲ့ပြည်သူများ၏ အသက်ကို ကယ်တင် နိုင်ရန် စစ်တပ်ထံသို့ လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီစီးဆင်းမှု၊ ငွေကြောင်းစီးဆင်းမှုတို့အား ဖြတ်တောက်ရေးကို လုပ် ဆောင်မည့် မဟာဗျူဟာအားလုံး၏ ဗဟိုအချက်အချာနေရာ၌ ထားရှိ ရမည်ဖြစ်သည်ဟုဆိုသည်။

နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီတို့ အနေဖြင့် တာဝန်များ၊ ကတိကဝတ်များကို အပြည့်အဝဖော်ဆောင်ရန်နှင့် မြန်မာအရေး ကိစ္စအား ဖြေရှင်းရန် နှောင့်နှေး ကြန့် ကြာမှုမရှိဘဲ ထိရောက်သော အရေးယူ ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။

အဆိုပါအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော တောင်ကိုးရီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်က လုံခြုံရေး ကောင်စီ၏ နှစ်စဉ်အစီရင်ခံစာ ၂၀၂၃ ခုနှစ် ကို မိတ်ဆက်ပေးခဲ့ပြီး အထွေထွေညီလာခံ သဘာပတိ နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article