31 C
Yangon

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော် ၂ ပါးနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇွန် ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော် ၂ ပါးနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့်တွင် သိမ်ဇရပ်မြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၀ တပ်ရင်းစခန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ တောင်ကျောင်း ဘုန်းကြီးကျောင်းဝင်း အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး တောင်ကျောင်း ဘုန်းကြီးကျောင်းထိုင် ဆရာတော် ၁ ပါးနှင့် ဦးဇင်း ၁ ပါး လက်နက်ကြီးကျည်စ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အသက် ၇၅ နှစ် အရွယ် ဦးစံတင်နှင့် အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းမြင့်တို့ ပေါင်နှင့် ဒူးခေါင်းတို့တွင် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့တွင် ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာ အောင်နဝင်းဘုန်းကြီးကျောင်း မုဒ်ဝအနီးရှိ ကျေးရွာနေ ပြည်သူ ကိုအေးလွင်၏ နေအိမ် အပေါ် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၀ တပ်ရင်းစခန်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ခမရ- ၂၀၇ နှင့်အမတ-၃၁၀ တပ်ရင်းစခန်း၏ ၁ မိုင်ခွဲအကွာတွင် တည်ရှိသော ဒေသအခေါ်အဝေါ်(ကျောက်ဟတ်ကွင်း)ရှိ ဦးစိုးမင်းအောင် ပိုင်သော (ခြံတဲ) အနီးကို လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးစိုးမင်းအောင်၏ သမီး ၂ ဦး ဖြစ်သော အသက် ၁၄ နှစ်အရွယ်ရှိ မနန္ဒာလင်း၏ ညာဘက်မျက်လုံး ကျည်စထိမှန် ပေါက်ထွက်ကာ သေဆုံးခဲ့ပြီး အသက်၁ နှစ်၅ လအရွယ်ရှိ မရွှေဇင်လေး၏ ညာဘက်နားထင်နှင့် နှဖူးတို့၌ ရှပ်ထိ ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။

ပြီးခဲ့သော ဇွန်လ ၂ ရက်နှင့် ဇွန်လ ၁၂ ရက်နေ့တို့တွင်လည်း အဆိုပါ အကြမ်းဖက် စစ်တပ်က ကျိုက်ထို မြို့နယ်ရှိ ဒေသ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကိုသန်းထွန်းနှင့် ကိုဟိန်းတို့၏ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင်လည်း လက်နက်ကြီး ၁၅ လုံး ဝန်းကျင်ခန့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် အာဏာသိမ်း ကာလမှ စတင်၍ နေ့စဉ် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဒေသ ပြည်သူများသည် နေအိမ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ဘေးရှောင် လူဦးရေ တစ်သောင်းကျော်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article