31 C
Yangon

“ပ သုံးလုံးတွေက ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ ဖိနှိပ်နေတာတွေ ၊ ကိုယ်ထိ လက် ရောက်ကျူးလွန်နေတာတွေရှိနေသလိုမျိုး ပြည်သူလူထုကလည်း ဒီပသုံးလုံးရဲ့ ဖိနှိပ်ရေး ယန္တရားရဲ့ ဒဏ်တွေကို ခံစားနေရပါတယ်”

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပသုံးလုံးအဖွဲ့ဝင်များက ဗကသ ကျောင်းသား၊ ကျောင်းသူများအပေါ် ဆိုင်ကယ်ဖြင့် တိုက်၊ ထိုးကြိတ်ရိုက်နှက်မှုဖြစ်စဉ်အပေါ် ဗကသများအဖွဲ့ချုပ် ဗဟိုပြောရေးဆိုခွင့်ရှိသူ မခင်နီနှင့်ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ပုလဲမြို့နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပသုံးတွေက ကျောင်းသားကို ထိုးကြိတ်မှု ဘယ်တုန်းက ဖြစ်ခဲ့ တာလဲ။ နေ့ရက်၊ နေရာ အတိအကျ သိပါရစေ။

ဖြေ။ ။ ပုလဲမြို့နယ် လက်ပုကန်ကျေးရွာမှာ ကျေးရွာ ပကဖ အဖွဲ့တွေက ဗကသရဲဘော်တွေကို ကိုယ် ထိလက် ရောက်ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေက ၂ ခုရှိပါတယ်။ ပထမဖြစ်စဉ်က ဇွန်လ ၂၅ ရက်နေ့မှာ ဗကသ ဗဟိုစည်းရုံးရေးကော်မတီဝင် မစောခက်နွယ်ကို ကျေးရွာပကဖအဖွဲ့ဝင် တစ်ဦးက ဆိုင်ကယ် နဲ့ ဝင်တိုက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒဏ်ရာရအောင်လုပ်ခဲ့တာရှိပါတယ်။

ဒီ ပကဖအဖွဲ့ဝင် ဟာ မူးမူးနဲ့ အရှိန်တင်ပြီးတော့ မောင်းလာတယ်။ မစောခက်နွယ်ဆိုင်ကယ်နဲ့လာတဲ့လမ်းကို လမ်း ပြောင်းပြန်ဝင်လာပြီးတော့ အတင်းဝင်တိုက်သွားတာပါ။ မစောခက်နွယ်လည်း ခြေထောက်မှာ ထိ ခိုက်ဒဏ်ရာခဲ့ပါတယ်။ ဒီအချိန်မှာ ဘေးက ရွာသားတွေလည်း ထွက်လာပြီးတော့ မောင်းတဲ့သူကို ပြောကြတာတောင်မှ သူက တစ်ခါတည်းမောင်းပြီးတော့ ထွက်သွားတာပါ။ အဲဒီအချိန်တုန်းကရော၊ အခုချိန်အထိရော သူ့ဘက်က တောင်းပန် ခြင်းမျိုး လုံးဝမရှိခဲ့ပါဘူး။

နောက်တစ်ခုကတော့ ဝိုင်းပြီးတော့ ထိုးကြိတ်တဲ့ကိစ္စပါ။ ပုလဲမြို့နယ် သမဂ္ဂအတွင်းရေးမှူး ကိုတဆစ် က အရင်က ဆိုရင်လည်း ဒေသတွင်း အခြေအနေတွေ၊ ဆန္ဒပြပွဲတွေကို ဓာတ်ပုံမှတ်တမ်း ရိုက်တာ မျိုးတွေရှိပါတယ်။ မှတ်တမ်း မယူရဘူးဆိုပြီးတော့ ကြိုတင်တားမြစ်ထားတာမျိုးလည်းမရှိဘူး။

အရင် ကလည်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဇွန်လ ၂၇ ရက်နေ့ ညနေ ဆန္ဒပြပွဲမှာတော့ ဒီဆန္ဒပြပွဲကို ဓာတ်ပုံ ရိုက် လို့ဆိုပြီးတော့ ပကဖ အဖွဲ့ဝင် ၅ ယောက်လောက်က ကိုတဆစ်ကို ဝိုင်းပြီးတော့ ထိုးကြိတ်လိုက်ကြ ပါတယ်။ သူ့ဖုန်းကိုလည်း လွှင့်ပစ်လိုက်ပါတယ်။ ကိုတဆစ်က သာမန် ပြည်သူ တစ်ယောက်ပဲဖြစ် တယ်။

သူ့အနေနဲ့ ဒီလိုထိုးကြိတ်ခံရတဲ့အခါမှာ ရှောင်ရုံ ၊ ပြန်ကာရုံပဲ လုပ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ တော့ သူ့အနေနဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခဲ့တာရှိပါတယ်။

မေး။ ။ ဒီဖြစ်စဉ်ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုလုပ်ဆောင်ထားတာမျိုးရှိလဲ။

ဖြေ။ ။ ကျမတို့ ဒီအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြောင်းကြားထား တာတွေရှိသလို ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။

မေး။ ။ ပ သုံးလုံးတွေက ပြည်သူတွေအပေါ်လည်း နှိပ်စက်မှုတွေရှိတယ်၊ အခုဆိုကျောင်းသားတွေ အပေါ်မှာပါ နှိပ်စက်မှုတွေလုပ်လာတယ်၊ အဲလိုလုပ်နေတဲ့အပေါ် ဗကသ အဖွဲ့ချုပ် အနေနဲ့ ဘာ ပြောချင်ပါလဲ။

ဖြေ။ ။ ဒီလိုမျိုး ကျောင်းသားတွေအပေါ်မှာပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ်ထိ လက်ရောက်ကျူးလွန်တာတွေ၊ နောက်ပြီးတော့ စစ်ကောင်စီလိုမျိုး ဖိနှိပ်ရေးစည်းကမ်းချမှတ်တာ တွေက မဖြစ်သင့်ပါဘူး။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဖြေရှင်းချက် လိုချင်ပါတယ်။

မေး။ ။ ဗကသအဖွဲ့ချုပ်အနေနဲ့ NUG အစိုးရလက်အောက်မှာရှိတဲ့ ဒီ ပသုံးလုံးတွေအပေါ် ဘယ်လို ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါလဲ။

ဖြေ။ ။ လက်ရှိမှာဆိုရင် ကျမတို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားတာမျိုးတွေ၊ ချိတ်ဆက်ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဘာတွေဆက်လက်လုပ်ဆောင်သွားမလည်း ဆိုတာတော့ ပြောပြလို့မရသေးပါဘူး။

မေး။ ။ ပြီးတော့ NUG အစိုးရ၊ လက်အောက်က ကျောင်းတွေကလည်း စစ်ကောင်စီလိုပဲ ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေ ရှိ နေတယ်လို့ ထုတ်ပြန်ထားတာတွေ့ပါတယ်။ ဘယ်လိုဖိနှိပ်မှုတွေ၊ ကန့်သတ်မှု တွေရှိလည်း ပြောပြလို့ ရသလောက်ပြော ပေးပါအုံး။

ဖြေ။ ။ ကျောင်းသားတွေကို ဖိနှိပ်တယ်ဆိုတာ ဒီလိုပါ၊ အခု NUG ၊ ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွင့်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းအာဏာပိုင်တွေနဲ့ ပ သုံးလုံးတွေနဲ့ ပူးပေါင်း ပြီး တော့ စစ်ကောင်စီ စာသင်ကျောင်းတွေမှာလိုမျိုး ဖိနှိပ်ရေး စည်းကမ်းတွေ ထုတ်ပြန်ထားတာရှိတယ်။

ဒီစည်းကမ်းတွေထဲမှာဆိုရင်‌ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ နောက်ပြီးတော့ လွတ်လပ်စွာကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်၊ အသင်းဖွဲ့ စည်းမှုတွေကို ဖိနှိပ်နေတာတွေ့ရတယ်။ ဒါတွေက NUG ရဲ့ ဖက်ဒရယ်ပညာရေးနဲ့လည်းကိုက်ညီမှုမ မရှိဘူး။ နောက်ပြီးတော့ ပညာရေးဝန်ကြီးဌာနကလည်း ဒီစည်းမျဉ်းစည်းကမ်းတွေချမှတ်ထားတာ မရှိဘူးလို့ ကျမတို့ သိရတယ်။

မေး။ ။ ဒီလို NUG အစိုးရကျောင်းတွေမှာ ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေ၊ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ပတ် သက်လို့ ဗကသ အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ရှိပါလဲ။

ဖြေ။ ။ ရှေ့မှာပြောခဲ့သလိုပဲ ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေ ကန့်သတ်မှုတွေ ဒီအခြေအနေတွေ နဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ လက်ရှိ မှာ မပြောနိုင်သေးပါဘူး။ သေချာတာတစ်ခုက ဗကသများအဖွဲ့ချုပ်က ကျောင်းသားထုနဲ့ အပြတ်အ သတ် ရပ်တည်သွားမှာပဲဖြစ်ပါတယ်။

မေး။ ထပ်ဖြည့်ပြောစရာရှိရင် ပြောပေးပါအုံး။

ဖြေ။ ။ ပ သုံးလုံးတွေက ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ ဖိနှိပ်နေတာတွေ ၊ ကိုယ်ထိ လက် ရောက်ကျူးလွန်နေတာတွေရှိနေသလိုမျိုး ပြည်သူလူထုကလည်း ဒီပသုံးလုံးရဲ့ ဖိနှိပ်ရေး ယန္တရားရဲ့ ဒဏ်တွေကို ခံစားနေရပါတယ်။ ဒါကြောင့်မို့လည်း ဇွန်လ ၃၀ ရက်နေ့မှာ ပြည်သူလူထု ကိုယ်တိုင်က ဗကသနဲ့အတူ ပူးပေါင်းပြီးတော့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးနဲ့အတူ ပသုံးလုံး ဖိနှိပ်မှုဆန့်ကျင့်ရေးအတွက်လည်း ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲမှာဆိုရင် ပြည်သူလူထုကိုယ်တိုင် က ဦးဆောင်ပြီးတော့ ထွက်ခဲ့တာပါ၊ ဗကသက ဦးဆောင်ခဲ့တာမဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင် က ဒီလိုလုပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောလာလို့ လုပ်ဖြစ်ခဲ့ကြတာပါ။ ပြည်သူလူထုကိုယ်တိုင်က ဒီ ပ သုံး လုံး ရဲ့ ဖိနှိပ်မှုတွေကို ခံစားလာရလို့ ထုတ်ဖော်ပြောဆိုလာကြတာပါပဲ။ ဒေသခံလူထုကပဲ ဦးဆောင် ပြီးတော့ ဒေသခံလူထုကပဲ ဗကသရဲ့ခွပ်ဒေါင်းအလံကို ကိုင်ဆွဲသွားတာပဲဖြစ်ပါတယ်။

ဆန္ဒပြ ပွဲမှာ ဆိုရင်လည်း “စစ်သုံးစစ်ကို တိုက်ဖျက်ကြ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ တန်ပြန်တော်လှန်ရေး လုပ် ရပ်များ ဆန့်ကျင်ကြ၊ ကျောင်းသားများကို ဖိနှိပ်မှုအလိုမရှိ ၊ ပ သုံးလုံး အလိုမရှိ၊ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်၊” ဆိုတဲ့အချက်တွေကို ကြွေးကြော်ခဲ့ကြပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article