30 C
Yangon

ပုဂ္ဂလိကဘဏ်များတွင် အများပြည်သူများ၏ ငွေထုတ်ယူခွင့်ကို ကန့်သတ်မှုများဖြစ်ပေါ်နေပြီး Special ဘဏ်အကောင့်ကိုပင် ငွေကျပ် သိန်း ၂၀ မှ သိန်း ၅၀ အထိသာ ထုတ်ပေးတော့

Must read

စစ်တပ်နှင့်ပတ်သက်သော အသိုင်းအ၀ိုင်းက ပုဂ္ဂလိကဘဏ်များမှ ငွေကျပ် သိန်းထောင်သောင်းချီ နားလည်မှုဖြင့် ထုတ်ယူနေ

ရန်ကုန်၊ ဇူလိုင် ၄

ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူမှုများပြားသည့်အတွက် အများပြည်သူများ၏ ငွေထုတ်ယူခွင့်ကို ကန့်သတ်မှုများဖြစ်ပေါ်နေပြီး Special ဘဏ်အကောင့်ကိုပင် ငွေကျပ် သိန်း ၂၀ ကျပ်မှ အများဆုံး သိန်း ၅၀ အထိသာ ထုတ်ပေးမှုများဖြစ်ပွားနေကြောင်း ဘဏ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မြန်မာပြည်သူများအကြား ရေပန်းစား အသုံးများသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနှင့် တာဝန်ရှိသူများကို ဗဟိုဘဏ်က သတ်မှတ်ထားသော ရာခိုင်နှုန်းထက် အိမ်ရာချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း၊ ထိုသို့ ကြေညာပြီး ဇူလိုင်လ ၂ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူသူများ အလွန်များပြားလာခဲ့ကြောင်း၊ ထို့​ကြောင့် ပုဂ္ဂလိကဘဏ်များကငွေထုတ်ယူမှုများကို ကန့်သတ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဇွန်လ ၂ ရက်နေ့ ၂၆ လမ်း၊ ၇၄ လမ်းထောင့်မှာရှိတဲ့ KBZ ဘဏ်ခွဲ ၄၄ ၊ စိတ္တရမဟီဘဏ်ခွဲ မှာ ငွေသွားထုတ်တာ KBZ Special Bank Account ကို သိန်း ၂၀ ပဲ ထုတ်ပေးတယ်။ အဲဒါ အရင်တုန်းက သိန်း ၂၀၀ အထိ ထုတ်ပေးနေတာ ဘာလို့ သိန်း ၂၀ ပဲပေးတာလဲဆိုတော့ ဘဏ်မှာ ငွေသား မရှိတော့လို့ဆိုပြီးပြောတယ်။ KBZ ဘဏ်မန်နေဂျာကို ခေါ်ပြီး ပြောတော့လည်း ငွေသားမရှိလို့ ထုတ်မပေးနိုင်ဘူးလို့ပဲ ပြောတယ်။ ဘာမှ ဖြေမရှင်းမပေးဘူး။ နောက်နေ့ရော ထုတ်ပေးမှာလားဆိုတော့ ငွေမရှိရင်တော့ သိန်း ၂၀ ၊ သို့မဟုတ် သိန်း ၅၀ လောက်ပဲရနိုင်မယ်ပြောတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာ၀တီဘဏ်ကလည်း မူရင်းဘဏ်စာအုပ်လုပ်ထားသော ဘဏ်မှ ငွေစာရင်းဆိုလျှင် အများဆုံး ငွေကျပ် သိန်း ၃၀ ၊ အခြားဧရာ၀တီဘဏ်တွင် ဘဏ်စာအုပ်လုပ်ပြီး မြို့နယ်ခြား၍ ငွေလာထုတ်ပါက အများဆုံးငွေကျပ် သိန်း ၂၀ သာပေး​​ကြောင်း သိရှိရသည်။

“AYA ဘဏ်စာအုပ်က စမ်းချောင်းမှာ လုပ်ထားတာ။ အဲဒါ သင်္ဃန်းကျွန်းဘက်ရောက်တုန်းဆိုပြီး ငွေဝင်ထုတ်တာ သိန်း ၂၀ ပဲပေးမယ်ပြောတယ်။ စမ်းချောင်း AYA ဘဏ်မှာ သွားထုတ်ရင်တော့ သိန်း ၃၀ အထိ ရမယ်ပြောတယ်။ ငွေလွှဲတာနဲ့ ဒီဂျစ်တယ်ငွေကြေးဆိုရင်တော့ ကြိုက်သလောက် လွှဲပြောင်းလို့ရတယ်ပြောတယ်။ ငွေသား ထုတ်ပေးတာ လုံး၀ ကန့်သတ်လိုက်တာ။ အရင်က သိန်း ၂၀၀ အထိ ရသေးတယ်။ တစ်နေ့ကစ​ပြီး ငွေသား ကန့်သတ်လိုက်တာ” ဟု စမ်းချောင်းမြို့နယ်မှ ကားဝယ်ရောင်းပွဲစားတစ်ဦးက ပြောဆိုသည်။

သို့ရာတွင် စစ်တပ်နှင့်ပတ်သက်သော အသိုင်းအ၀ိုင်းကမူ ပုဂ္ဂလိကဘဏ်များမှ ငွေကျပ် သိန်းထောင်သောင်းချီ နားလည်မှုဖြင့် ထုတ်ယူနေကြောင်း သိရှိရသည်။

“ဇူလိုင် ၂ ရက်နေ့ကစပြီး တပ်နဲ့ပတ်သက်တဲ့အသိုင်းအ၀ိုင်းတွေဘက်က သိန်းထောင်သောင်းချီ နားလည်မှုနဲ့ ထုတ်နေကြတယ်။ သူတို့ ဘာသတင်းများကြားထားလဲမသိဘူး။ ဇူလိုင်လ ၃ ရက်နေ့ ရိုးမဘဏ် ၂ ဖြစ်တဲ့ တောင်ကြီး (မင်္ဂလာဦး) ဘဏ်ခွဲမှာ စစ်ယူနီဖောင်းတွေနဲ့ တပ်အသိုင်းအ၀ိုင်းက ငွေကျပ် သိန်းသောင်းနဲ့ချီကို ငွေထုတ်ယူ သွားတယ်” ဟု ဘဏ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

လတ်တလော စစ်ကောင်စီက ပုဂ္ဂလိဘဏ် ၇ ခုနှင့် တာဝန်ရှိသူများကို အရေးယူမည်ဟု ကြေညာမှုကြောင့် ပြည်သူများအ​ကြား ဘဏ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက မကြာမီ မြန်မာတစ်နိုင်ငံလုံးတွင် ငွေစက္ကူ အသစ်များ ရိုက်မထုတ်တော့ဘဲ ဒီဂျစ်တယ်ငွေကြေး နှင့် စနစ်ကို အကြီးအကျယ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

Photo- AFP ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article