26 C
Yangon

လူထုဆန္ဒကို အခြေမခံသော အကြမ်းဖက်စစ်တပ်၏ ၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများ ခပ်ဝေးဝေးရှောင်ကြရန် KNU ဗဟိုအလုပ်အမှုဆောင် သတိပေး

Must read

လူထုဆန္ဒကို အခြေမခံသော အကြမ်းဖက်စစ်တပ်၏ ၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများ ခပ်ဝေးဝေးရှောင်ကြရန် KNU ဗဟိုအလုပ်အမှုဆောင် သတိပေး

ရန်ကုန်၊ ဇူလိုင် ၆

အကြမ်းဖက်စစ်ကောင်စီက ကျင်းပရန် ကြွေးကြော်နေသည့် ၂၀၂၅ ရွေးကောက်ပွဲမှာ လူထုဆန္ဒကို အခြေမခံ၍ နိုင်ငံရေးပါတီများအနေဖြင့် ခပ်ဝေးဝေးရှောင်ကြရန် KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေး ဆိုခွင့်ရှိသူ လည်းဖြစ်သူ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို သတိပေးလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက လာမည့် အောက်တိုဘာလဆန်းမှစတင်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူဦးရေနှင့် အိမ်ထောင်စုစာရင်းကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း တောက်လျှောက်ဆိုသလို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် လူထုဆန္ဒကို အခြေမခံသော ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ဘဲ နိုင်ငံရေးပါတီများအနေဖြင့်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ခပ်ဝေးဝေးမှ ရှောင်ကြရန် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက သတိပေးပြောဆိုသည်။

“ကျနော်ကတော့ တစ်ချက်ပဲ ပြောချင်ပါတယ်။ ဒီ ရွေးကောက်ပွဲတို့ ဘာတို့ဆိုတာ ဒီမိုကရေစီကို သွားကြတဲ့ တံခါးဝလို့ ပြောနေကြတယ်ဆိုတဲ့ စကားကလည်း ရှိထားတယ်လေ။ ကျနော်တို့ကတော့ အဲဒါကို ဘာမှ ငြင်းစရာမလိုဘူး။ ဒါပေမဲ့ ဒီကနေ့ စစ်ကောင်စီ လုပ်ရပ်မျိုးနဲ့ သူ ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲ အခြေအနေက ဘယ် လို ရွေးကောက်ပွဲအခြေအနေမျိုးလဲဆိုတာ ပြန်ပြီးတော့ ဆန်းစစ်ကြည့်ပါ။ အဲဒါကြောင့် လူထုဆန္ဒဘယ် လောက်ပါလဲ။ လူထုဆန္ဒ အခြေမခံတဲ့ ရွေး ကောက်ပွဲမျိုးက ဘယ်လိုမှ ကျနော်တို့ လက်ခံလို့ မရဘူး။ အဲဒါကြောင့်မို့လို့ ဒီနေရာကနေပဲ ခပ်ဝေးဝေးရှောင်ကြရင် အကောင်းဆုံးပဲလို့ ဒါပဲ ပြောချင်တယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေက အဓိက တာဝန်အရှိဆုံး လူတွေပဲ ဖြစ်တယ်လို့ ကျနော်တို့ ပြောရမှာပဲ” ဟု ပဒိုစောတောနီးက ဆိုသည်။

ထို့ပြင် လက်ရှိ အနေအထားများအရ တစ်နိုင်ငံလုံးတွင် စစ်မီးများ အရှိန်ပြင်းပြင်းဖြင့် တောက်လောင်နေပြီး ၂၀၂၅ ရွေးကောက်ပွဲ ရွေးကောက်ပွဲမှာလည်း ဖြစ်နိုင်ခြေ နည်းပါးကြောင်း၊ စစ်ကောင်စီ၏ အခြေအနေမှာ ယိုင်နဲ့ နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“၂၀၂၄ ကတော့ ကုန်ဖို့ ၆ လပဲ ရှိတော့ ဒါပေမဲ့ ၂၀၂၄ ထဲမှာ သေချာပြောလို့ မရဘူးဆိုပေမယ့် အချိန်းအပြောင်းတစ်ခုခုကတော့ လာမယ်။ ၂၀၂၅ ဆိုရင်တော့ သူ ပြောတဲ့ အထူးသဖြင့် စစ်ကောင်စီက မှန်းဆထားတဲ့ ရွေး ကောက်ပွဲကတော့ ဖြစ်နိုင်ခြေ အင်မတန်နည်းပြီးတော့ သူ့ရဲ့အနေအထားက ဘယ်လိုဖြစ်သွားမယ်ဆိုတာ ကျနော်တို့က တပ်အပ်မပြောနိုင်ဘူးဆိုပေမယ့် သူ့ရဲ့ ယိုင်နဲ့နဲ့ အနေ အထား တဖြည်းဖြည်း တဖြည်းဖြည်း ဖြစ်လာပြီဆိုတာ မျက်မြင်အနေအထားနဲ့ရော သက်သေအနေအထားနဲ့ရော မျက်ဝါးထင်ထင်ဖြစ်နေရပြီဆိုတာ သေချာပြောလို့ရတယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

KNU အနေဖြင့် မကြာမီ ကော်သူလေး အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အားလုံးနှင့် လက်တွဲကာ အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article