27 C
Yangon

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှု NUG အစိုးရ ဖြေရှင်း ပေးရန် ဗကသများအဖွဲ့ချုပ်က တောင်းဆို

Must read

ကျူးလွန်သူများကို အပြစ်ပေး အရေးယူနိုင်ရေး အလျှင်အမြန် ဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကျောင်းသား ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး NUG အစိုးရ က ဖြေရှင်းပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် NUG အစိုးရ၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန် ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနတို့ကို ဗကသများ အဖွဲ့ချုပ်က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သော ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် G-11 ကျောင်း သား အသက် ၁၆ နှစ်အရွယ် ရဲဘော် မြင့်မြတ်ဦး သည် ရွာပြင် သုဿာန်၌ အင်တာနက်သုံးပြီး နေအိမ်ကို ပြန်လာစဉ် လမ်းတွင် လည်ပင်းကို လှီးဖြတ်၍ အသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်အပြန်လမ်းမှာ လည်ပင်းကို ဓားနဲ့လှီးပြီး အသတ်ခံရတာလို့ ကျွန်တော်တို့ကြားထားပါတယ်။ နာရေးတော့ လုပ်ပြီးသွားပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်သူကလုပ်တယ်။ ဘယ်သူက သတ်လဲဆိုတာတော့ ကျွန်တော်တို့ တိတိ ကျကျ သိရတာတော့ မရှိသေးပါဘူး။ ရပ်ကျေး ပကဖ တွေနဲ့ ပအဖ တွေ လုံခြုံရေးပေါ့လျော့မှုကြောင့် ဖြစ်တယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒီထက်ပိုတဲ့ ဆက်နွယ်မှုလည်း ရှိနေနိုင်တယ်လို့ ကျွန်တော် တစ်ဦး အအမြင်ရ ယူဆတာတော့ရှိပါတယ်။ စိုင်နိုင်ကြီး ကျောင်းသားသမဂ္ဂကို အစောကတည်းက ရပ်ကျေး ပအဖ၊ ပကဖတွေက သဘောမကျတာ လက်မခံချင်တာတွေလည်း အရင်က ဖြစ်ခဲ့ဖူးပါတယ်” ဟု ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုသည်။

ထို့ပြင် ပကဖ၊ ပအဖ များ၏ လုပ်ဆောင်ချက် အမှားများ၊ စာသင်ကျောင်းတွင်း စီမံခန့်ခွဲမှု အလွဲများကို သမဂ္ဂကျောင်းသားများက ထောက်ပြဝေဖန်မှုများ လုပ်ဆောင်ခြင်းကြောင့် ကျောင်းသား သမဂ္ဂရဲဘော်များ ဖိနှိပ်ခံရမှုများရှိကြောင်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ဆက်လက်ပြောဆိုသည်။

“အဓိကကတော့ ကျောင်းသားသမဂ္ဂ ဖွဲ့တာကိုတောင် သူတို့က မကြိုက်တာက စတယ်။ ပအဖ၊ ပကဖတွေရဲ့ လုပ်ရပ်အမှားတွေ၊ စာသင်ကျောင်းအတွင်းက စီမံခန့်ခွဲမှုအလွဲတွေကို ကျောင်းသားရဲဘော်တွေက ထောက်ပြ ဝေဖန်တာမျိုးတွေရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူတို့က ကျောင်းသား သမဂ္ဂရဲဘော်တွေကို အကုန်ဖိနှိပ်တော့တာပါပဲ။ ရဲဘော်မြင့်မြတ်ဦး သတ်ဖြတ်ခံမှုနဲ့ ပတ်သက်ပြီး ပအဖတွေ ပကဖတွေက လက်ရှိထိတော့ ထိထိရောက်ရောက် ဆောင်ရွက်တာမျိုး မကြားရသေးပါဘူး။ အာဏာရှင်ဆန်တယ်ဆိုတာ ရှင်းရှင်းလေးပါ။ သူတို့မကြိုက်တာ လုပ်ရင် ဟိန်းတယ် ဟောက်တယ်။ ချိန်းတယ် ခြောက်တယ်။ ရှေ့မှာ အများကြီး ကျွန်တော်တို့ ရဲဘော်တွေ ကြုံခဲ့ရဖူးပြီးပါပြီ။ သူတိ့်ရဲ့ဖောက်ပြန်တဲ့ လုပ်ရပ်တွေကို ထောက်ပြတဲ့အခါ မခံနိုင်ဖြစ်ကြပြီး လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်ကြတာပါ။ ဒါအာဏာရှင်ဆန်တာပေါ့ဗျာ။ ဘယ်မှာလဲ ဒီမိုကရေစီရဲ့ လက္ခဏာ ကျွန်တော်တို့ မတရားမှုကို တွန်းလှန်နေကြတာပါ။ မတရားမှုလုပ်တဲ့သူမှန်သမျှ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ချိုးဖောက်တဲ့လူမှန်သမျှကို ကျွန်တော်တို့က ရန်သူလို သတ်မှတ်မှာပါပဲ”ဟု ကိုအောင်ပြည့်စုံဖြိုးက ရှင်းပြသည်။

ကိုမြင့်မြတ်ဦး သတ်ဖြတ် ခံရမှုကိစ္စနှင့် ပတ်သက်၍ အမြန်ဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ကာ ပြည်ထဲရေးနှင့် လူဝန်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် Signal မှ တဆင့် ဆက်သွယ်ခဲ့ကြောင်း၊ ဝန်ကြီးဌာန၏ မြေပြင်တွင် တာဝန်အကြီးဆုံးသူနှင့် ဆက်သွယ်ပေးပါရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ တောင်းဆိုသော အဆက်သွယ် မရရှိသေးကြောင်း၊ ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်ကိုလည်း Signal မှ ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ကျောင်းသားသမဂ္ဂ ရဲဘော်များ မြေပြင်တွင် ဖိနှိပ်ခံရခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများထံ တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း စာပေးပို့ခဲ့သည်မှာ အကြိမ်ကြိမ်ပင်ဖြစ်ကြောင်း၊ သို့သော် ဝန်ကြီးဌာနများဘက်မှ မည်သို့မျှပင် တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊ ယခုအခါတွင်မူ ရဲဘော်အသက်တချောင်းကို ပေးဆပ်လိုက်ရပြီဖြစ်ပြီး ဝန်ကြီး ဌာန တာဝန်ရှိသူများ၏ လျစ်လျူရှုမှုကြောင့် ရဲဘော်၏ အသက်ဆုံးရှုံးရခြင်းဟုပင် သတ်မှတ်နိုင်ကြောင်း ဗကသများ အဖွဲ့ချုပ်ကပြောဆိုသည်။

သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများအနေဖြင့် ဗကသများ အဖွဲ့ချုပ်နှင့် အမြန်ဆုံး တွေ့ဆုံစကားပြော ဖြေရှင်းပေးရန် နောက်ဆုံးအကြိမ် တောင်းဆို အသိပေးလိုက်ပြီး လူကြီးမင်းတို့ လျစ်လျူရှုခဲ့ပါကလည်း နောက်ဆက်တွဲ ကိစ္စရပ်များသည် လူကြီးမင်းတို့၏ တာဝန်ပင်ဖြစ်ကြောင်းကို ထပ်လောင်းသတိပေးလိုက်သည်ဟု ဗကသများ အဖွဲ့ချုပ်၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

“ဝန်ကြီးဌာနက လူတွေက တော်လှန်ရေးကို zoom ကနေ လုပ်နေသရွေ့ မြေပြင်ကို ဆင်းမလာသရွေ့ ပကဖ တွေ ပအဖ တွေကိုဘယ်လိုမှ ထိန်းသိမ်းလို့ရမယ်မထင်ဘူး။ အခုတောင်အချိန်နှောင်းနေပြီ” ဟု ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ NUG အစိုးရ ပညာရေး ဝန်ကြီးဌာန ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းတွင် ကျူးလွန်သူများကို အပြစ်ပေး အရေးယူနိုင်ရန် အလျင်အမြန် ဆောင်ရွက်သွားမည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

“မောင်မြင့်မြတ်ဦးအား လူမဆန်ရက်စက်စွာအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနသည် သက်ဆိုင်ရာအဖွဲအစည်းအသီးသီးနှင့် ပူးပေါင်းပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ပြီး ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပညာသင်ယူခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တိုအား ချိုးဖောက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံးအနေဖြင့် တာဝန်ခံရမည် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်း နှိပ်စက်မှုများအား အပြင်းအထန် ရှုတ်ချပြီး ပြစ်မှုကျူးလွန်မှု ဖြစ်စဥ်များကို အသေးစိတ်မှတ်တမ်းတင်လျက် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုကို နည်းလမ်း အမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article