30.3 C
Yangon

ရခိုင်ရှိ Poscoကုမ္ပဏီရုံးသို့ စစ်တပ်က မကြာခဏ စီးနင်းရှာဖွေ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး Posco ဝန်ထမ်း ဒေါက်တာ ဦးကိုနှင့် ဆက်စပ် ဝန်ထမ်းများ ဖမ်းဆီးခံထားရမှု သတင်းအစအနမရတော့

Must read

AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခြင်းဖြစ်ပြီး အဖမ်းခံထားရသူများ ပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၂၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ရွှေသဘာ၀ဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွင် ရေနံနှင့် သဘာဓာတ်ငွေ့ တူးဖော်ခြင်းများလုပ်ကိုင်နေသည့် Posco International E & P ကုမ္ပဏီရုံးသို့ အကြမ်းဖက်စစ်တပ်က မကြာခဏ စီးနင်းရှာဖွေမှုများ၊ လူဖမ်းဆီးမှုများလုပ်ကိုင်နေပြီး Posco OGT (Onshore Gas Terminal) ဝန်ထမ်း ဒေါက်တာ ဦးကိုနှင့် ဝန်ထမ်းတချို့ကို ဖမ်းဆီးထားမှုမှာလည်း သတင်းအစအန မရတော့ကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးခံရသူများကို စစ်တပ်က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း ၊ လက်ရှိတွင် ဖမ်းဆီးခံရသူများ အားလုံး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

Posco OGT ဝန်ထမ်း ဒေါက်တာဦးကို ကို ဇူလိုင်လ ၁၆ ရက်နေ့ ကျောက်ဖြူမှ ရန်ကုန်သို့ လေယာဉ်ဖြင့်အသွား ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကျောက်ဖြူရှိ Posco OGT ရုံးကို စီးနင်းဝင်ရောက်ရှာဖွေခဲ့ကာ Posco OGTမှ ဝန်ထမ်းများကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ၏ သတင်းအစအနများ ပျောက်လျက်ရှိကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များ ထံမှ သိရှိရသည်။

“ဒေါက်တာ ဦးကို နဲ့ ဆက်စပ် အကုန်ဖမ်းတာပါ။ သူ့ဆီ ငွေလွှဲပြောင်းမှုတွေ စစ်မယ်ဆိုပြီး ဖမ်းတာ။ အခုထိ သတင်းမရပါဘူး။ AA ကို ထောက်ပံ့ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာလို့ ပြောပါတယ်။သေချာတော့ မသိပါဘူး။ အလုပ်ထဲကို ဝင်ဖမ်းတာပါ။ စစ်ကောင်စီရဲ့ MOGE က တောင်းဆိုလို့ ဝန်ထမ်းတွေတချို့ကို ရန်ကုန်က ကျောက်ဖြူအထိ ခေါ်ပြီး ဖမ်းတာပါ” ဟု ဖမ်းဆီးခံရထားသည့် အလုပ်သမားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

Posco ကုမ္ပဏီသည် ရွှေ ကမ်းလွန်သဘာ၀ဓာတ်ငွေ့ စီမံကိန်းကို တူးဖော်လုပ်ကိုင်လျက်ရှိကြောင်း၊ Posco ကုမ္ပဏီက ရခိုင်ကမ်းလွန်​ဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ခြင်းကို စစ်တပ် လက်အောက်ခံ MOGE ၊ Myint Association ကုမ္ဗဏီများနှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသော တောင်ကိုရီးယား အခြေစိုက်ကုမ္ပဏီလည်းဖြစ်ကြောင်း လက်ရှိ မတည်ငြိမ်သည့် ရခိုင်ဒေသအခြေအနေများနှင့်အတူ အကြမ်းဖက်စစ်တပ်၏ မကြာခဏစီးနင်းရှာဖွေစီးနင်းမှုများ၊ လူဖမ်းဆီးမှုများကြောင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများစွာ ရှိနေကြောင်း Posco International E&P တွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

“သူတို့က မကြာခဏဆိုသလို ကုမ္ပဏီတစ်ဝင်းလုံး လိုက်ပြခိုင်းတာမျိုး၊ ကုမ္ပဏီဝင်းအရှေ့မှာ ရမ်းကားတာမျိုးတွေ လုပ်လာရုံသာမကဘူး၊ လူပါ ဝင်ဖမ်းတဲ့သဘောတွေ ဖြစ်လာတယ်။ ဝန်ထမ်းတွေက ရခိုင်ဒေသမှာ အလုပ်လုပ်ရတာဆိုတော့ နှစ်ဖက်ကြားညှပ်နေတယ်။ လုပ်ရကိုင်ရတွေခက်လာတယ်” ဟု Posco International E&P ၏ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် Posco International E&P ဝန်ထမ်းများသည့် ဝင်းအပြင်သို့ ထွက်၍ မရသည့်အတွက် အဆိုပါဒေသရှိ ပြည်သူများနှင့် ချိတ်ဆက်၍ အကူအညီတောင်းရခြင်းများ ရှိကြောင်း၊ လက်ရှိအချိန်တွင် ရခိုင်တွင် စားသောက်ကုန်နှင့် ဆေးဝါးများ ရှားပါးသည့်အတွက်ဒေသပြည်သူများကို အကူအညီတောင်း၍ ဝယ်ယူရခြင်းများ ရှိကြောင်း၊ ထိုသို့ ဝယ်ယူခြင်းကိုပင် ဖမ်းဆီးပါက အကုန်ဖမ်းဆီးခံရမည်ဖြစ်ကြောင်း Posco International E&P မှ ဝန်ထမ်းများထံမှ သိရှိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်က Posco International E & P ဝင်းကို ဝင်ရောက်စီးနင်းမှုများ၊ ဝန်ထမ်းများကို ဖမ်းဆီးမှုများအပြင် နိုင်ငံတွင်းအခြေအနေမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ Posco က ပြန်ရုပ်သိမ်းမည်ဆိုသော သတင်းများ လည်း ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article