28.6 C
Yangon

စစ်ကောင်စီ၏ ခမရ ၄၂၂ က မိုးဗြဲရေကာတာကို ဖွင့်ချ အဆမတန် ရေလွှတ်ချ၍ ရေကြီးရေလျှံမှုများဖြစ်ကာ ပြည်သူ ၁၀၀၀ နီးပါး ရေဘေးသင့် ၊ လူထု ဒုက္ခရောက်စေရန် စစ်ကောင်စီက လုပ်ဆောင်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်က မိုးဗြဲရေကာတာမှ ရေတံခါးကို အဆမတန် ဖွင့်ပြီး ရေလွှတ်ချလိုက်သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ နီးပါး ရေဘေးနှင့်ပါ ထပ်မံကြုံတွေ့နေရကြောင်း မိုးဗြဲစစ်ဘေးရှောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ မိုးဗြဲရေကာတာ၊ ရေတံခါးကို စစ်ကောင်စီက ဆက်တိုက် ဖွင့်ချခြင်းဖြစ်ပြီး လက်ရှိအချိန် ၃ ရက်မြောက်နေ့အထိ ရေကာတာမှ ရေများကို ဖွင့်ချနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ရေဘေးရှောင် လူဦးရေက ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိမယ်ဗျ။ လောလောဆယ်အထိပေါ့။ အဲဒီဘက်မှာ စစ်ရှောင်နေကြတာက မိုးဗြဲ နှင့် မိုးဗြဲအနီးတစ်ဝိုက်က ရွာတွေ များပါတယ်။ မိုးဗြဲနဲ့ ဝှိရီဆူးပလိုင်ကျေးရွာ နှစ်ခုတည်းတောင်မှ စစ်ရှောင်အိမ်ခြေပေါင်း ၅၀၀ ကျော်လောက်ရှိတာပါ”ဟု မိုးဗြဲစစ်ဘေးရှောင်ကော်မတီမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ရေကာတာမှ ရေကို တမင်ဖောက်ချခြင်းဖြစ်ပြီး မိုးဗြဲမြို့ရှိ ဆန်စပါး အဓိကထွန်ယက်စိုက်ပျိုးသည့်နေရာများအားလုံး ရေလွှမ်းသွားကြောင်း၊ စပါးစိုက်ပျိုးရိတ်သိမ်း၍ မရစေရန် ရေကို ဒလဟော ဖွင့်ချလိုက်ခြင်း ဖြစ်ကြောင်း မိုးဗြဲစစ်ဘေးရှောင်ကော်မတီမှ တာဝန်ရှိသူက သုံးသပ်သည်။

“စစ်ရှောင်တွေတော့ အကုန်လုံး မရွှေ့ပြောင်းကြရသေးပါဘူး။ ရေလည်း ကြီးသထက် ပိုကြီးလာတော့ အကုန်လုံး လွတ် မြောက်ရာကို ရွှေ့ပြောင်းဖို့တော့ လိုမယ်လို့ စစ်ဘေးရှောင်တွေကို သတိလည်းပေးလိုပါတယ်။ စစ်ရှောင်တွေလည်း စစ်ဘေးလည်းရှောင်ရ ရေဘေးလည်းထပ်ရှောင်ကြရတာပေါ့ဗျာ”ဟု မိုးဗြဲစစ်ဘေးရှောင်ကော်မတီမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့အတူ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကလည်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ရေဘေးအန္တရာယ် အရေးပေါ်ကြေညာ ချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး အဆိုပါကြေညာချက်တွင် မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်က ယမန်နေ့ နံနက်အစောပိုင်းမှစ၍ မိုးဗြဲရေကာတာ ရေတံခါးအား အဆင်အခြင်မဲ့ ဖွင့်ချခဲ့ရာ ၂၄ နာရီအတွင်း ဘီလူးချောင်းရေမှာ ၈ ပေအထိ မြင့်တက်သွားခဲ့ကြောင်း၊ လတ်တလောတွင် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာတို့တွင် ရေကြီးမှုများ ဖြစ်ပေါ် နေကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသော ဒေသခံ တောင်သူလယ်သမားများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် တမင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာသည်။

အကျိုးဆက်အားဖြင့် ဘီလူးချောင်း၏ ဘေးဝဲယာတလျှောက် စပါးခင်းအများစု ခန့်မှန်းခြေ ဧက ၁၀၀၀ ခန့်မှာ ယမန်နေ့မှစတင်၍ ရေနှစ်မြှုပ်နိုင်ပြီး ပျက်စီးဆုံးရှုံးမည့်အရေးနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ ထို့အတူ လွိုင်ကော်မြို့နှင့် အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများမှာလည်း ရေကြီးမှုများ ရှိလာနိုင်ကြောင်း၊ သို့ဖြစ်ရာ ယမန်နေ့မှစ၍ ၃ ရက်အတွင်း ရေများထပ်မံမြင့်တက် လာနိုင်သည့် အရေးပေါ် အခြေအနေဖြစ်နေပါသဖြင့် လွိုင်ကော်မြို့နှင့် အနီးတဝိုက် ဘီလူးချောင်း၏ ဘေးဝဲယာတလျှောက် အနိမ့်ပိုင်းတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် အထူးသတိပြုကြရန်၊ လိုအပ်ပါက ဘေးလွတ်ရာသို့ အမြန်ဆုံး ရွေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးထားသည်။

အရေးပေါ်အကူအညီအတွက် ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနတို့၏ စီကနယ် ဖုန်းနံပါတ်များ ဖြစ်ကြသော +66 951 901 790 ၊ +66 955 751 317 တို့သို့ ဆက်သွယ်နိုင်ပါကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article