29.5 C
Yangon

BIMSTEC ၏ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဦးဆောင်မှုများ စစ်ကောင်စီထံ လွှဲအပ်မှု Defend Myanmar Democracy အဖွဲ့ ရှုတ်ချ

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (BIMSTEC ) ၏ ဒေသတွင်းလုံခြုံရေးဆိုင်ရာဦးဆောင်မှုများကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲအပ်မှုကို ရှုတ်ချကြောင်း Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

BIMSTEC ၏ သယ်ယူပို့ဆောင်ရေး စီမံကိန်းများနှင့် ကုန်သွယ်မှုများသည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် အဖွဲ့အစည်းများနှင့် ဆက်လက်လုပ်ဆောင်ပါက စစ်ကောင်စီထံ ဘဏ္ဍာငွေများ လမ်းကြောင်းပြောင်းရောက်ရှိ သွားနိုင်မည့် အန္တရာယ်လည်း ရှိနေကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ရေးဆင်နေသော်လည်း BIMSTEC အဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူးသစ်သည် “မိတ်ဆက်ခရီးစဉ်” အဖြစ်လည်းကောင်း၊ စစ်အုပ်စုက ကျင်းပသည့် ဒေသတွင်းလုံခြုံရေးဆိုင်ရာအစည်းအဝေးသို့ တက်ရောက်ရန်အတွက်လည်းကောင်း မြန်မာနိုင်ငံသို့ ဇူလိုင် ၂၁ ရက်နေ့မှ စတင် ရောက်ရှိနေကာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တာဝန်ရှိသော အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး တရားမဝင် စစ်ကောင်စီကို BIMSTEC ၏ မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် တရားဝင်ဖြစ်စေရန် ကူညီပေးနေကြောင်းလည်း Defend Myanmar Democracy ၏ ကြေညာချက်တွင် ပါရှိသည်။

“BIMSTEC အထွေထွေအတွင်းရေးမှူးက စစ်အုပ်စုနှင့် တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်လာတယ်၊ ရာဇဝတ်အဖွဲ့အစည်းဖြစ်တဲ့ စစ်အုပ်စုကို ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ညှိနှိုင်းဆောင်ရွက်ရာမှာ ဦးဆောင်မှုနေရာပေးတယ်၊ ဒါဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိုယ်စားပြုမှုကို အလေးမထားကြောင်း ခပ်ရှင်းရှင်းပြလိုက်တဲ့ သတင်းစကား ဖြစ်တယ်။ “အကယ်၍ သူ့အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံကိုယ်စားပြုပြီး ဆက်ဆံချင်ရင် နေ့စဉ်နဲ့အမျှ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ တရားမဝင်စစ်အုပ်စုနဲ့ မတွေ့ဆုံဘဲ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအပေါ် လေးစားသောအားဖြင့် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့သာ တွေ့ဆုံသင့်ပါတယ်” ဟု Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် BIMSTEC အမျိုးသားလုံခြုံရေး အကြီးအကဲများ၏ ၄ ကြိမ်မြောက်အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်မှာ BIMSTEC သည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အတွက် အပြစ်ပေး အရေးယူခံရမှုမရှိဘဲ ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်ရန် ခွင့်ပြုပေးသည့် သဘောသက်ရောက်ကြောင်း၊ Defend Myanmar Democracy အနေနှင့် BIMSTEC အထွေထွေအတွင်းရေးမှူးထံသို့ ခရီးစဉ်မတိုင်မီကပင် စာရေးသား ပေးပို့ခဲ့ပြီး ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များနှင့် တွေ့ဆုံရန်၊ စစ်အုပ်စုနှင့် အစည်းအဝေးများအား ဖျက်သိမ်းရန်နှင့် BIMSTEC အစည်းအဝေးအားလုံးမှ အကြမ်းဖက်စစ်ကောင်စီကို ပိတ်ပင်ရန်တို့ကို တောင်းဆိုခဲ့သော်လည်း အကြောင်းတစ်စုံတရာ ပြန်ကြားခဲ့ခြင်းမရှိခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

အထွေထွေအတွင်းရေးမှူး၏ ယခုရက်သတ္တပတ်ခရီးစဉ်၏ အစီအစဉ်များကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း BIMSTEC ၏ တွစ်တာပို့စ်တွင် “မိတ်ဆက်ခရီးစဉ်” အဖြစ် ရည်ညွှန်ထားပြီး မြန်မာသည် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံရေးကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ရေးတွင် ဦးဆောင်နိုင်ငံအဖြစ် ဖော်ပြထား၍ အဆိုပါ အကြောင်းအရာအပေါ် ဆွေးနွေးသွားဖွယ် ရှိကြောင်း၊ BIMSTEC သည် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းနေသည့် သုံးနှစ်ခွဲတာ ကာလတစ်လျှောက်လုံး မြန်မာစစ်အုပ်စုတို့အကြား ဆက်ဆံရေးရှိနေခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေသည်လည်း ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် BIMSTEC နိုင်ငံခြား ရေးဝန်ကြီးများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထွေထွေအတွင်းရေးမှူးအသစ်ဖြစ်သည့် အိန္ဒိယအကြီးတန်းသံအမတ်ကြီး Indra Mani Pandey သည်လည်း ၎င်း၏ သုံးနှစ်သက်တမ်းကို ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ၎င်းသည်လည်း ယခင်အထွေထွေ အတွင်းရေးမှူးများကဲ့သို့ပင် မြန်မာနိုင်ငံကိုယ်စားပြုမှုနှင့်ပတ်သက်၍ တရားဝင်မှုမရှိသည့် နည်းလမ်းဟောင်း အတိုင်းသာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းစဉ် ကာလတစ်လျှောက်လုံး BIMSTEC သည် အကြမ်းဖက်စစ်ကောင်စီနှင့် မပြတ်အဆက်အသွယ်များ ရှိနေခဲ့၍ BIMSTEC ၏ သယ်ယူပို့ဆောင်ရေး စီမံကိန်းများနှင့် ကုန်သွယ်မှုများသည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် အဖွဲ့အစည်းများနှင့် ဆက်လက်လုပ်ဆောင်မည်လား ဆိုသည့်အပေါ် စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်စေကာ ထိုသို့ဆက်လက်လုပ်ဆောင်သွားမည်ဆိုပါက စစ်ကောင်စီထံ ဘဏ္ဍာငွေများ လမ်းကြောင်းပြောင်းရောက်ရှိ သွားနိုင်မည့် အန္တရာယ်လည်း ရှိနေကြောင်းလည်း Defend Myanmar Democracy ၏ BIMSTEC ကို ရှုတ်ချစာတွင် ပါရှိသည်။

BIMSTEC တွင် အဖွဲ့ဝင် ခုနှစ်နိုင်ငံရှိပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါ၀င်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article