28 C
Yangon

လားရှိုးထောင် ပွင့်သွား၍ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လွတ်မြောက်သွားသော်လည်း အဆက်အသွယ်ပြတ်နေ၊ တော်လှန်ရေး တပ်များက ရှာဖွေပေးနေ

Must read

လားရှိုးထောင် ပွင့်သွား၍ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လွတ်မြောက်သွားသော်လည်း အဆက်အသွယ်ပြတ်နေ၊ တော်လှန်ရေး တပ်များက ရှာဖွေပေးနေ

ရန်ကုန်၊ ဇူလိုင် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်တွင် စစ်ကောင်စီက ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသော NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးထွန်းထွန်းဟိန်သည် ယမန်နေ့ အကျဉ်းထောင်ပွင့်သွားချိန် လွတ်မြောက်သွားသော်လည်း လက်ရှိအချိန် အဆက်အသွယ်ပြတ်တောက်နေကြောင်း လားရှိုးရှေ့တန်း စစ်မြေ ပြင်တွင် တိုက်ပွဲဝင်နေသည့် BPLA မှ ခေါင်းဆောင် ကဗျာဆရာ မောင်ဆောင်းခက လူမှုကွန်ရက်တွင် သတင်းထုတ် ပြန်သည်။

ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်သားများ၊ ရိုးရိုးအကျဉ်းသားများအားလုံးထောင် ပွင့်သွားဖြင့် လွတ်မြောက်သွားကြောင်း၊ အဓိက အားဖြင့် လာရှိုး-မူဆယ် လမ်းမပေါ်ရှိ ခလရ ၆၈ တပ်ရင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများနှင့် ရိုးရိုး အကျဉ်းသား များ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဦးထွန်းထွန်းဟိန်နဲ့ နိုင်/ကျဉ်းတချို့ကို ကျနော်တို့ရှာဖွေနေပါတယ်။ တိုက်ပွဲဖြစ်နေရင်း ထောင်ပွင့်သွားတော့ အကုန်လုံး လွတ်ရာ ကျွတ်ရာပြေးကြရင်း အဆက်အသွယ်လည်း သေချာမရလိုက်ပါဘူး။ ဘေးကင်းရာမှာရှိနေမယ်လို့တော့ ယုံကြည်ပါတယ်” ဟု BPLA ၏ ခေါင်းဆောင် ကဗျာဆရာ မောင်ဆောင်းခက လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လားရှိုးမြို့ခံများကလည်း လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများ လွတ်မြောက်သည့် သတင်းကို သိရှိထားပြီး အထူးသဖြင့် ခလရ ၆၈ တပ်ကျလျှင် လားရှိုးအကျဉ်းထောင်သည် မဖြစ်မနေ ပွင့်သွားမည်ဖြစ်ကြောင်း ရှင်းပြကြသည်။

“ဒီခလရ ၆၈ က လားရှိုး-မူဆယ် လမ်းအတိုင်း သိန္နီဘက်က လာရင် လားရှို့မြို့အဝင် မြို့စောင့်တပ်ပဲ။ သူက မြို့ကို ကာထားတဲ့တပ်၊ လားရှိုးထောင်နဲ့ မလှမ်းမကမ်းမှာရှိတယ်။ အဲဒီတပ်က လားရှိုးထောင်ရဲ့ လုံခြုံရေးတပ်လည်းဖြစ်တယ်။ လားရှိုးလေ ဆိပ်နဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့အဝင်မှာ စပြီး ကာထားတဲ့ ကာကင်းလည်းဖြစ်တယ်။ ခလရ ၆၈ ကျရင်တော့ အနှေးနဲ့ အမြန် လားရှိုးထောင်က ကျသွားမှာပဲ။ လားရှိုးလေဆိပ်နဲ့ ရမခကို ဒဲ့ပေါက်သွားပြီ” ဟု လားရှိုးမြို့မှ မြို့ခံ ပြည်သူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်၏ အကျဉ်းထောင်သတင်းရင်းမြစ်များကလည်း လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်သွားသည်ဆိုသော သတင်းများ အတည်ပြုထားပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ အခြေအနေ အသေးစိတ် မသိရှိဟုဆိုကြသည်။

NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ပုဒ်မ – ၅၀၅ (ခ) တို့ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၃၃ နှစ် မတရားချမှတ်ထားခြင်းဖြစ်သည်။

အသက် ၇၅ နှစ် အရွယ်ရှိနေပြီဖြစ်သည့် ဦးထွန်းထွန်းဟိန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်း ပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူလည်းဖြစ်သည်။

ဓာတ်ပုံ- ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စဉ်က ဦးထွန်းထွန်းဟိန်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article