ရန်ကုန်၊ ဩဂုတ် ၁၄
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဆတ်ချောက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။
ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသအုပ်ချုပ်မှု နယ်မြေရှိ၊ ဆတ်ချောက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အသက် ၄၂ အရွယ်ရှိ အမျိုးသမီး ၁ ဦး နှင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အသက် ၆ လ နှင့် ၁၂ နှစ်အရွယ်ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဆတ်ချောက်ကျေးရွာရှိ စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သော်လည်း ပစ်မှတ်လွဲချော်မှုကြောင့် ကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း၊ ဆတ်ခြောက်ကျေးရွာသည် လူနေအိမ်ခြေ ၅၀ ခန့်သာရှိသော ကျေးရွာငယ်လေးဖြစ်ပြီး စစ်ဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများမှ အရပ်သားပြည်သူများကို ဦးတည်၍ လေကြောင်း တိုက်ခိုက်ခြင်းများသည် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုသည်။
အလားတူ ဇွန်လ ၁၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာရှိ စာသင် ကျောင်းကို ဦးတည် တိုက်ခိုက်ခဲ့သည့်အတွက် အသက် ၇၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ယင်းတိုက်ခိုက်မှုသည် စာသင်ကျောင်းနှင့် အများပြည်သူ စုဝေးသည့် နေရာများကို ပစ်မှတ်ထားခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အဆိုပါ နေရာများမှ ကြိုတင်တိမ်းရှောင်ခြင်း၊ ဗုံးခိုကျင်းများတူးထားခြင်း၊ လေကြောင်းအန္တရာယ်ကာကွယ်ခြင်းများကို ကြိုတင် ဆောင်ရွက်ထားနိုင်ပါရန်နှင့် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန် အသိပေးနှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar