27 C
Yangon

စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမည်ဟု ကြေညာသော်လည်း လက်တွေ့ ရောင်းပေးခြင်း မရှိသည့်အပြင် စျေးနှုန်းကိုလည်း အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် မပေးတော့ဟုဆို

Must read

ဒေါ်လာစျေးကျဆင်းရန် ဗဟိုဘဏ်က ရည်ရွယ်သတင်းထုတ်ပြန်သည့်သဘောဖြစ်နေပြီး ဆီလုပ်ငန်းရှင်များအားလုံး ဒေါ်လာမရ၍ ဆီမသွင်းနိုင်ဖြစ်နေ

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမည်ဟု ထုတ်ပြန်ကြေညာသော်လည်း လက်တွေ့ ဒေါ်လာများ ရောင်းပေးခြင်းမရှိသည့်အပြင် စျေးနှုန်းကိုလည်း အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် မပေးတော့ဟု သိရှိရကြောင်း စက်သုံးဆီတင်သွင်းသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနေ့က ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမယ်ဆိုပြီး သတင်းထုတ်ပြန်တယ်။ အဲဒါ ဆီအသင်းကနေတဆင့် မေးကြည့်ပါတယ်။ အခုအချိန်အထိ ရောင်းပေးတာမရှိသလို၊ ရောင်းပေးဖို့စီစဉ်တာလည်း မကြားရသေးပါဘူး။ နောက်ပြီး တကယ်လို့ ဗဟိုဘဏ်ဘက်က ရောင်းပေးမယ်ဆိုရင်လည်း ငွေလဲနှုန်း ရည်ညွန်း သတ်မှတ်စျေး အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ နဲ့ မရောင်းပေးတော့ဘူးလို့ သိရပါတယ်။ ရည် ညွှန်း ငွေလဲနှုန်း စျေးနှုန်းပြောင်းဖို့ ရှိတယ်လို့ သိရတယ်။ အဲဒီတော့ ဒေါ်လာသန်း ၁၀၀ ရောင်းမယ်လို့ သတင်းလွှင့်တာက ဒေါ်လာစျေး တက်နေတာကို ဆွဲချတာ လို့မြင်ပါတယ်” ဟု စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ အဖွဲ့ဝင် ဆီတင်သွင်းသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ အမှန်တ ကယ် ရောင်းချပေးခဲ့သည့်တိုင် ယင်းအမေရိကန်ဒေါ်လာ သန်း ၁၀၀ ပမာဏသည် စက်သုံးဆီတင်သွင်းရန် ကာလ ရက်သတ္တပတ် ၃ ပတ် စာမျှသာရှိသော ပမာဏဖြစ်ကြောင်း၊ ရေရှည်တွင် ယခုကဲ့သို့ ဆီပြတ်လပ်မှု ပြဿနာ မကြာ ခဏ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊ ဒေါ်လာငွေလဲနှုန်းနှင့် စက်သုံးဆီစျေးကို ထိန်းချုပ်နေသမျှ ကာလပတ်လုံး ယင်းဆီးပြတ်လပ်မှု ပြဿနာအမြဲ ကြုံရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ပြင်ပတွင် အမေရိကန်တစ်ဒေါ်လာလျှင်​ ငွေကျပ် ၇၀၀၀ ကျပ်ကျော်ရှိနေရာမှ ယမန်နေ့ညနေပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၇၀၀ ကျပ်ဝန်းကျင်အထိစျေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရသည်။ သို့ရာတွင် ပြင်ပ ဒေါ်လာပေါက်စျေးဖြင့် စက်သုံးဆီ ဝယ်ယူတင်သွင်းရန်မှာ စစ်ကောင်စီက ဆီစျေးနှုန်းများကို ထိန်းချုပ်သတ်မှတ်နေသဖြင့် ဆီလုပ်ငန်းရှင်များ အရှုံးပေါ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အရှုံးပေါ်နေကြောင်း သိရှိရသည်။

ယနေ့တွင် ရန်ကုန်တစ်မြို့လုံးတွင် စက်သုံးဆီအရောင်းဆိုင်များအားလုံး ဆီရောင်းချပေးနိုင်ခြင်းမရှိဘဲ အများစု ပိတ်ထားကြကြောင်း၊ ရန်ကုန်တစ်မြို့လုံးတွင် ဆီတန်းစီသော ကားများဖြင့် လမ်းပိတ်ဆို့မှုများ၊ ကားတန်းရှည်ကြီးများကို မြင်တွေ့ရကြောင်း ရန်ကုန်မှ ကားသမားများက ပြောဆိုသည်။

“ရှမ်းလမ်း New Day ဆီဆိုင်မှာ တန်းစီတာ တစ်ပတ်ကြီးဗျာ။ စမ်းချောင်း ဝေဌုဝန်လမ်းအထိ ရောက်တယ်။ ကားတန်းက မိုင်ပေါင်းများစွာဖြစ်နေတာ။ ကိုယ့်အလှည့်တောင်ရောက်ပါ့မလားမသိဘူး” ဟု ရန်ကုန်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

ဓာတ်ပုံ – ယနေ့ ရန်ကုန်တွင် ပိတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များနှင့်ဆီးတန်စီးနေသော ကားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article