27 C
Yangon

ရွှေဘိုတွင် စစ်တပ်လော်ဘီများ၏ သတင်းအမှားဖြင့် လှုံ့ဆော်မှုကြောင့် Hello Fashion အထည်ဆိုင်ပိုင်ရှင် မိသားစုဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်လော်ဘီများ၏ သတင်းအမှားဖြင့် လှုံ့ဆော်မှုကြောင့် Hello Fashion အထည်ဆိုင်ပိုင်ရှင် မိသားစုဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန် ရွှေဘိုမြို့၊ လမ်းလေးဂွ၊ ကျောက်မြောင်း၊ ညောင်ပင်သာလမ်းထောင့်တွင် ဖွင့်လှစ်ထားသော Hello Fashion အထည်ဆိုင်မှ ဆိုင်ပိုင်ရှင် ဦးထွန်းဝေ၊ ဇနီး နှင့် သမီး မအိဖြူသိန်းတို့ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ၊ စစ်ကောင်စီလော်ဘီဖြစ်သည့် သဇင်ဦးတယ်လီဂရမ်ချန်နယ်က Hello Fashion အထည်ဆိုင်မှ မခြူးမွန်သက်သည် PDF သတင်းများကို အင်တာနက်တွင် ရှယ်ထားသဖြင့် PDF ထောက်ပို့ဖြစ်သည်ဆိုသော သတင်းအမှားများဖြင့် ဖမ်းဆီးရန် လှုံ့ဆော်ရာမှ စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ မနက် ၈ နာရီမှာ Hello Fashion ဆိုင်ပိုင်ရှင် ဦးထွန်းဝေကို ဆိုင်ထဲမှာ စစ်တပ်က ဝင်ဖမ်းတယ်။ နောက်ပြီး ဇနီးနဲ့ သမီး မအိဖြူသိန်းကိုတော့ ပြည်တော်သာရပ်ကွက် နေအိမ်မှာ ဝင်ဖမ်းတယ်။ ဖမ်းတာကတော့ Hello Fashion ဆိုင်ပိုင်ရှင် မခြူးမွန်သက်ကို လာဖမ်းတာ။ မခြူးမွန်သက်နဲ့ မအိဖြူသိန်းက စပ်တူ Hello Fashion ဆိုင်ကို နှစ်ဦးစပ်တူ ဖွင့်ထားတာ။ သဇင်ဦးတယ်လီဂရမ်ချန်နယ်ကနေပြီးတော့ မခြူးမွန်သက်က PDF အားပေးတယ်၊ အွန်လိုင်းမှာ စစ်တပ်ဆန့်ကျင်ရေးတွေ ရှယ်တယ်ဆိုပြီး ဖွတာ။ အဲဒါကို မခြူးမွန်သက်ကို သွားဖမ်းရင် မမိလို့ မအိဖြူသိန်းကို ဖမ်းတာ။ မခြူးမွန်သက်အိမ်ကိုဝင်ရှာပေမယ့် ကြိုတင်ရှောင်လို့လွတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်တပ်က ဖမ်းဆီးထားသော ဦးထွန်းဝေ၊ ဇနီးနှင့် သမီးမအိဖြူသိန်းတို့သည် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ဇာတိဖြစ်ပြီး ကျေးရွာများတွင် စစ်ကြောင်းထိုးမှုများရှိလာခြင်းကြောင့် မြို့ပေါ်သို့ ပြောင်းရွှေ့ တိမ်းရှောင်နေထိုင်ရင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်က အပြစ်မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးထားသော Hello Fashion အထည်ဆိုင်ပိုင်ရှင်မိသားစုမှ မအိဖြူသိန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်က အပြစ်မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးထားသော Hello Fashion အထည်ဆိုင်ပိုင်ရှင်မိသားစုမှ မအိဖြူသိန်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article