32 C
Yangon

မြန်မာ့အရေး ဖြေရှင်းရန် ချည်းကပ်နည်းလမ်းများကို နိုင်ငံတကာက ပြန်လည် သုံးသပ်ရန် CDM အဖွဲ့ ၄ ခုက တိုက်တွန်း

Must read

မြန်မာ့အရေး ဖြေရှင်းရန် ချည်းကပ်နည်းလမ်းများကို နိုင်ငံတကာက ပြန်လည် သုံးသပ်ရန် CDM အဖွဲ့ ၄ ခုက တိုက်တွန်း

ရန်ကုန်၊ ဩဂုတ် ၂၄

မြန်မာနိုင်ငံအရေး ဖြေရှင်းရန် ချည်းကပ်သောနည်းလမ်းများကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအပါအဝင် နိုင်ငံ တကာ အဖွဲ့ အစည်းများ အနေဖြင့် ပြန်လည် သုံးသပ်ပေးပါရန် CDM အဖွဲ့ ၄ ခုက ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန် တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ မြန်မာနိုင်ငံ၏ အခြေအနေများနှင့်ပတ်သက်၍ တရုတ်နှင့်အိန္ဒိယနိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံအများအပြားနှင့် နိုင်ငံတကာအဖွဲ့အစည်းအစုံမှ အမြဲစိုးရိမ်ပူပန်၍ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသော်လည်းအကြမ်းဖက်စစ်တပ်၏ ဖိနှိပ်ခြင်းခံ နေရသော မြန်မာပြည်သူများ၏ သဘောထားအစစ်အမှန်ကို တကယ်သိရှိနားလည်ထားခြင်းမရှိဟု ယူဆသဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

“မြန်မာ့အရေးကို ပြေလည်အောင် ဖြေရှင်းဖို့ဆိုရင် ပြီးခဲ့တဲ့ ၃ နှစ်ကျော် ကာလလုံး စဉ်းစားခဲ့ကြတဲ့ နည်း လမ်းတွေက အလုပ်မဖြစ်၊ အသုံးမဝင်တော့ဘူး။ အဲဒီနည်းလမ်း တွေက အကြမ်းဖက်စစ်တပ် ကို သက်ဆိုးရှည်စေတဲ့ နည်းလမ်းတွေမို့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ လည်းမကိုက်ညီဘူး။ NUG နဲ့ မိတ်ဆက်တိုင်းရင်းသား မဟာမိတ်တွေကသာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတာမို့ နိုင်ငံ တကာအနေနဲ့ NUG ကိုသာ အစိုးရအဖြစ် အသိအမှတ်ပြုဖို့လိုပါတယ်။ အရင် ၃ နှစ်ကျော်လုံး အသုံး မဝင် ခဲ့တဲ့ ဖြေရှင်းနည်းတွေကို ပြန်လည် သုံးသပ်ပေးပါ” ဟု လွတ်လပ်သောCDMအင်အားစု ပြော ရေးဆိုခွင့် ရှိသူ ဒေါက်တာနေဝင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများ၏ ဆန္ဒကိုမျက်ကွယ်ပြု၍ မြန်မာပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်ဖျက်ဆီး အနိုင်ကျင့်ရုံသာမကဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် နိုင်ငံတကာအသိုက်အဝန်းမှ တန်ဖိုးထားသော လူ့အခွင့်အရေးစံနှုန်းများကိုပါ ခြိမ်းခြောက် လျက်ရှိနေကြောင်း၊ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူရန်ကြိုးစားမှု အစပြုခဲ့သည့်အချိန်မှစ၍ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့ကာ ယနေ့အထိလည်း ပြောင်ပြောင်တင်းတင်း ဆက်လက် ကျူးလွန် ခွင့်ရနေဆဲ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည့် အစောပိုင်းကာလများတွင် ဝန်ထမ်းများမှ အကြမ်းမဖက် ငြိမ်းချမ်း စွာ CDM ပြုလုပ်၍ ဆန္ဒပြခဲ့ကြသလို မြန်မာပြည်သူတရပ်လုံးမှလည်း အကြမ်းဖက်စစ်တပ်အား လက်မခံကြောင်း နိုင်ငံအနှံ့တွင် နည်းလမ်းပေါင်းစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ရာ အကြမ်းဖက် စစ် တပ်မှ ဆန္ဒပြပြည်သူများနှင့် CDM ဝန်ထမ်းများကို ရက်စက်စွာဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။

ထို့အတွက် အဖိနှိပ်ခံမြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ အန္တရာယ်မှ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန်၊ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၏ တည်ငြိမ်အေးချမ်းမှုကိုပါ လက်နက်အားကိုးဖြင့်ခြိမ်းခြောက်နေသည့် အကြမ်းဖက်စစ်တပ်ကို အပြီးတိုင်ဖြုတ်ချနိုင်ရေု လက်နက်စွဲကိုင်၍ တိုက်ပွဲဝင်သည့်နည်းလမ်းကို မဖြစ်မနေရွေးချယ်ခဲ့ကြရကြောင်း၊ လူထုသပိတ် တိုက်ပွဲ များ အပါအဝင် ပြည်သူကိုဗဟိုပြုသည့် စစ်ရေးနှင့်နိုင်ငံရေးနည်းလမ်းများဖြင့် တော်လှန်ရေးဆင်နွှဲခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ရေးနှင့်နိုင်ငံရေးကို ဟန်ချက်ညီညီဆောင်ရွက်နိုင်စေရန် မြန်မာပြည်သူလူထုက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား မြန်မာပြည်သူလူထု၏အစိုးရအဖြစ်အသိအမှတ်ပြုထောက်ခံ လျက် ၎င်း၏ မိတ်ဖက်များဖြစ်သော တိုင်းရင်းသား EROs များဖြင့် လက်တွဲညီစွာ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပြည်သူတို့၏ ထောက်ခံမှုမရရှိထားသော အကြမ်းဖက်စစ်တပ်သည် စစ်ရေးအရ သိသာစွာ အရေးနိမ့်လာပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ၎င်း၏မိတ်ဖက်တိုင်းရင်းသား EROs အဖွဲ့ များမှ နယ်မြေများချဲ့ထွင်ထိန်းချုပ်လာ၍ ယင်းနယ်မြေများတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသကဲ့သို့ လွတ်လပ်သည့်၊ တရားဥပဒေစိုးမိုးမှုရှိသည့် အုပ်ချုပ်ရေးကိုလည်း တာဝန် ယူမှု တာဝန်ခံမှုအပြည့်ဖြင့် စီမံဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည်လည်း အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည့် ကာလတလျှောက်လုံး ပြုလုပ်ခဲ့ သည့် ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပိုင်ဆိုင်မှုများအား ခိုးယူလုယက်ပြီး အဓမ္မ သိမ်းယူခြင်း၊ မြို့ရွာနှင့်အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လူနေရပ်ကွက်နှင့်မြို့ရွာများပေါ်သို့ လေ ကြောင်းမှဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ကလေးသူငယ်များ အား အသက်နှင့်ခန္ဓာဆုံးရှုံးစေခြင်းများကို ယနေ့အထိတိုင်အောင် နေ့စဥ်ရက်ဆက်ပြုလုပ်နေဆဲဖြစ် ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများအကြိမ်ကြိမ်ကျူးလွန်နေကြောင်းနှင့် လူ့ အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်သည့် အကြမ်းဖက်မှုများကျူးလွန်နေကြောင်းကို နိုင်ငံတကာသို့ အကြိမ်ကြိမ်အသိပေး၍ ထိရောက်စွာဟန့်တားအရေးယူပေးပါရန် မြန်မာပြည်သူများမှ နိုင်ငံတကာ သို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း နိုင်ငံတကာမှ ၎င်းလူ့အခွင့်အရေးချိုးဖောက်မှုများကို ထိ ရောက်သော အရေးယူမှုများကိုပြုလုပ်ရန် ဆိုးရွားစွာပျက်ကွက်ခဲ့သောကြောင့် အကြမ်းဖက်စစ်တပ် သည် ယနေ့အထိ မိမိတို့ပြည်သူများအပေါ် အကြမ်းဖက်ခွင့်ရနေရခြင်းဖြစ်သည်ဟု မိမိတို့မှ မှတ်ယူ ပါကြောင်း CDM အဖွဲ့အစည်း ၄ ဖွဲ့က ထောက်ပြပြောဆိုထားသည်။

အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများအား ထိရောက်စွာတားဆီး၍ အပြစ်ပေးရန်ပျက်ကွက်ရုံ သာမက နိုင်ငံတကာနှင့်အဖွဲ့အစည်းအချို့သည် အစည်းအဝေးပွဲများတွင် အကြမ်းဖက်စစ်တပ်၏ အဖွဲ့ဝင်များနှင့် ၎င်းတို့မှ ခန့်အပ်ထားသူများကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ပါဝင် စေခြင်းနှင့် နိုင်ငံအချို့မှ အကြမ်းဖက်စစ်တပ်ကို မိတ်ဖက်အဖြစ် ထိတွေ့ဆက်ဆံခြင်းသည် မြန်မာ ပြည်သူလူထု၏ ဆန္ဒသဘောထားကို အလေးမထားသည့် ဂုဏ်သိက္ခာမဲ့သောလုပ်ရပ်များ ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

အကြမ်းဖက်ကျူးလွန်မှုများကို ထိရောက်စွာတားဆီးအရေးယူရန် ပျက်ကွက်မှုခြင်းနှင့် အကြမ်းဖက် နေသည့် အဖွဲ့အစည်းကို နိုင်ငံ ၏ ကိုယ်စားပြုအဖြစ် ထိတွေ့ဆက်ဆံနေခြင်းသည် ဆက်လက် အ ကြမ်းဖက်ရန် ၎င်းအဖွဲ့အစည်းအား ခွင့်ပြုသကဲ့သို့ဖြစ်စေခြင်းကြောင့် အကြမ်းဖက်စစ်တပ် အား နိုင်ငံကိုယ်စားပြုအဖြစ်ထိတွေ့ဆက်ဆံသူအားလုံးကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါကြောင်း CDM အဖွဲ့အစည်း ၄ ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့်-

(က) အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ၎င်း၏ မိတ်ဖက်များဖြစ်သော တိုင်းရင်းသား EROs များအား မြန်မာပြည်သူများကို ကိုယ်စားပြုသူများအဖြစ် အသိအမှတ်ပြု ထိတွေ့ဆက်ဆံရန်နှင့် အကြမ်းဖက် စစ်တပ်၏အဖွဲ့ဝင်များနှင့် ၎င်းတို့မှခန့်အပ်ထားသူများကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာ အစည်းဝေးပွဲများတွင် ဆက်လက်ပါဝင်ခွင့်မပြုရန် ၊

(ခ) မြန်မာပြည်သူလူထု၏ အသက်ခန္ဓာနှင့်အိုးအိမ် များ နေ့စဉ်ပျက်စီးဆုံးရှုံးစေသည့် အရပ်သား ပြည်သူ ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ မြန်မာပြည်သူလူထုကို ကောင်းစွာ အကာအကွယ် ပေးနိုင်မည့် နည်းလမ်းများကို ထိထိ ရောက်ရောက်အကူအညီပေးရန်

(ဂ) လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ တားဆီးနိုင်ရန် လေယာဉ်ဆီတင်သွင်းမှု ကန့်သတ်ပိတ်ပင် ခြင်း အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်နေသူ အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ ဆက် စပ်အဖွဲ့အစည်းများကို ထိရောက်သော အပြစ်ပေးအရေးယူမှုများ ချက်ချင်းပြုလုပ်ရန်

(ဃ) လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ မိတ်ဖက်များဖြစ်သော တိုင်းရင်းသားEROs အဖွဲ့များသည် မည်သည့်နိုင်ငံကမှ လက်နက်ကူညီထောက်ပံ့ပေးခြင်းမရှိဘဲ နိုင်ငံ့ဧရိယာ၏ ထက်ဝက်ကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ၎င်းနယ်မြေများတွင် ပြည်သူများ အတွက် ဝန်ဆောင်မှုနှင့်အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော ကူညီထောက်ပံ့ မှုများ ပြုလုပ်ပေးရန်

(င) အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုအန္တရာယ်ကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးတိမ်း ရှောင်လာသော မြန်မာဒုက္ခသည်များကို အိမ်နီးချင်းနိုင်ငံများမှ လက်ခံပေး၍ လူသားချင်း စာနာပြီး ကာကွယ်စောင့်ရှောက်ပေးရန်နှင့် နိုင်ငံတကာမှလည်း အိမ်နီးချင်းနိုင်ငံများသို့ တိုက်တွန်းရန်

(စ) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏မိတ်ဖက်များဖြစ်သော တိုင်းရင်းသား EROs အဖွဲ့များနှင့်အရပ်ဘက်အဖွဲ့အစည်းမျာအား နိုင်ငံတကာမှတိုက်ရိုက်ချိတ်ဆက်၍ မြန်မာပြည်သူ များအမှန် တကယ်လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီများပေးရန်။

(ဆ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းမည့် နည်းလမ်းများအပါအဝင် အကြမ်း ဖက်စစ်တပ်မှ ဦးဆောင်ပြီးကျင်းပမည့် ‘’အတုအယောင်ရွေးကောက်ပွဲ”တို့သည် မြန်မာနိုင်ငံ၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မည်သို့မျှ အသုံးမဝင်ကြောင်းကို ယခုအချိန်တွင် နိုင်ငံ တကာ မှ ကောင်းစွာသိရှိနားလည်ရန်လိုအပ်မည်ဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလပတ်လုံး စွဲကိုင်ထားသော မည်သည့်တိုးတက်မှုမှမရှိသည့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်လည် သုံးသပ်၍ စစ်အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် ကြံ့ကြံ့ခံကြိုးပမ်းတိုက်ပွဲဝင်နေသော မြန်မာပြည်သူလူထု၏ ဆန္ဒကိုကောင်းစွာ သိရှိနားလည်ရန်ကြိုးစားကာ မြန်မာပြည်သူလူထုဆန္ဒကို အားပေးထောက်ခံရန် တိုက်တွန်းတောင်းဆိုထားသည်။

အဆိုပါ တိုက်တွန်းထုတ်ပြန်ချက်ကို မန္တလေးဒေသအကြမ်းမဖက်အာဏာဖီဆန်ရေးအဖွဲ့– MCDMO ၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ -(Mon State CDM Civil Servants Council – CCSCMON)၊ လွတ်လပ်သော CDM အင်အားစု (Independent CDM Alliance – ICA) နှင့် အခြေခံ ပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ (Committee on Boards of Basic Education – CBBE) တို့ပူးတွဲကာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article