33 C
Yangon

သီပေါတွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၉ ဦးသေဆုံးပြီး အဆောက်အအုံ ၁၁၀ ကျော်ပျက်စီးခဲ့

Must read

ရန်ကုန် ၊ ဩဂုတ် ၂၇

ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း ဇူလိုင်လ ၁၉ ရက်မှ သြဂုတ်လ ၂၅ ရက်အထိ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းတိုက်ခိုက်မှု တို့ကြောင့် ပြည်သူ ၁၉ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရပြီး နေအိမ် ၁၁၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အဓိကက စစ်ကောင်စီရဲ့အကြမ်းဖက် လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်း အဝိုင်းကရော ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပြီး စောင့်ကြည့်ရပ်ကြည့်မနေဘဲ ကိုယ်နိုင်တဲ့ဘက် ဖိအားပေးဖို့ တော်လှန်ဖို့ ကျွန်မတို့အနေနဲ့ ဒီလိုမျိုးအဖြစ်တွေ ထပ်မကြုံရအောင် ကျွန်မတို့ကြိုးစားကြဖို့လိုတယ်။ နောက်တစ်ချိန်မှာ တကယ်လို့ စစ်ကောင်စီကို စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူဖို့ လိုတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူ မယိင်းလျန်ဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သီပေါမြို့ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်လာခဲ့သည့် အချိန်မှ စ၍ အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို မရေတွက်နိုင်သော လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်၍ ပြည်သူ သေဆုံးထိခိုက်မှုနှင့် အဆောက်အအုံများစွာ ထိုခိက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၈ ရက်နေ့တွင် လေကြောင်းနှင့် ဗုံးကျဲတိုက် ခိုက်ခဲ့၍ သီပေါမြို့နယ် နောင်တော်ကြီးကျေးရွာတွင် သံဃာတော် ၁ ပါးနှင့် အမျိုးသမီး ၁ ဦး၊ ဩဂုတ်လ ၉ ရက်နေ့တွင် ကုံးစုံရွာကို ခလရ ၂၃ က လက် နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် မြို့ဟောင်းရွာ, တုံစန့်ရွာ, နားလွယ်ရွာ, ကျောင်းစုရွာ, အုတ်ကျင်းရပ်ကွက်တို့ကို ခလရ ၂၃ က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦးနှင့် အမျိုး သမီး ၁ ဦး ၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် တာပုတ်ရွာကို စစ်တပ်က လေကြောင် ဗုံးကျဲ၍ အမျိုးသား ၁ ဦး ၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ခလရ ၂၃ က လက်နက် ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၁၃ ရက်နေ့တွင်လည်း ဇာတ်စုကျေးရွာကို ခလရ ၂၃ က လက်နက်ကြီးနှင့် ပစ်ခတ်၍ အမျိုးသမီး ၁ ဦး ၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဆိုင်းခေါင်ရွာ, နားဟိုင်းရွာတို့ကို စစ်တပ်က လေကြောင်းနှင့် ဗုံးကျဲ၍ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ညောင်ကိုးပင်ရွာကို ခလရ ၂၃ က လက်နက်ကြီး ပစ်ခတ်၍ အမျိုးသား ၁ ဦး၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ရွှေကျောင်းရပ်ကွက်ကို ခလရ ၂၃က လက်နက်ကြီး ပစ်ခတ်၍ အမျိုးသား ၁ ဦး၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် အနောက်ရပ် သီပေါမြို့ကို စစ်တပ်က ဗုံးကျဲ၍ အမျိုးသား ၁ ဦး သေဆုံးကာ တုံစင့်ရွာကို ခလရ ၂၃ က လက်နက်ကြီးပစ်ခတ်၍ အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင် ၁၉ ရက်မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် ဗုံးကျဲမှုများကြောင့် ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးရှိ အဆောက်အအုံများအပါအဝင် ပြည်သူပိုင် အဆောက် အအုံ ၁၁၀ ကျော်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

MNDAA ကိုးကန့်တပ်ဖွဲ့က သီပေါ-မိုင်းရယ် လမ်းတစ်လျှောက်ကျေးရွာများကို ဇူလိုင်လလယ်တွင် စတင် ထိန်းချုပ်သိမ်းပိုက်ကာ သီပေါမြို့ အရှေ့တောင်ဘက်မှ ၄၀ ကီလိုမီတာကွာဝေးသော ဆောင်ကြဲကျေးရွာသို့ ရောက်ရှိကာ ၂၀ ကီလိုမီတာ ကွာဝေးသော ဆိုင်ကျော့ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့၍ အကြမ်းဖက် စစ်သားများ ထွက်ပြေးဆုတ်ခွာခဲ့ကြောင်း၊ ဇူလိုင်လ ၁၉ရက်နေ့တွင်မူ အကြမ်းဖက် စစ်တပ်သည် ဆောင်ကြဲ ကျေးရွာကို စတင်၍လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်းနှင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၈ ရက်နေ့တွင် သံဃာတော် အပါအဝင် ၂ ဦး သေဆုံးရခြင်းသည် အကြမ်းဖက်စစ်တပ်သည် ဂျက်ဖိုက်တာဖြင့် နောင်ကော်ကြီးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း လေကြောင်း ဗုံးကျဲချတိုက်ခိုက်ခဲ့၍ သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့တစ်ရက်တည်း၌ပင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် သီပေါမြို့ကို လေကြောင်းမှစတင်တိုက်ခိုက်ခဲ့ရာ မြို့လယ်ရှိ မြို့လယ်ရွှေစေတီဘုန်းကြီးကျောင်းဗုံးကျဲခံခဲ့ရပြီး သံဃာတစ်ပါး၊ သီလရှင်တစ်ပါးနှင့် အခြား အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ မြို့အရှေ့မြောက်ဘက်ရှိ တာပုတ်ကျေးရွာ ဗုံးကျဲခံရမှုတွင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသည်။

အလားတူ အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ဩဂုတ်လ ၁၆ ရက်နေ့တွင် ခမရ ၅၀၆ တပ်က နမ့်လိုင်မြို့ ကောင်းလန်းရပ်ကွက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့၍ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ နမ့်လန်မြို့တောင်ဘက်ရှိ ရှိနားဟိုင်းကျေးရွာကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ ပြည်သူ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နမ့်လန်ဆေးရုံတွင် သေဆုံးခဲ့ရကြောင်းလည်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article