■ ဘားအံနှင့်ကန်ကြီးထောင့်မြို့နယ်တွင် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားများဖြင့် ရပ်ကွက်နှင့်ကျေးရွာလုံခြုံရေးအဖွဲ့များ စတင်ဖွဲ့စည်းနေ
ရန်ကုန်၊ ဩဂုတ် ၂၉
ရန်ကုန်မြို့ မြောက်ဥက္ကလာ၊ အလုံနှင့် အင်းစိန်မြို့နယ်များတွင် အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် လူငယ်များကို အတင်းအဓမ္မဖမ်းဆီးခြင်းနှင့် လူငယ်များကို ပေါ်တာဆွဲခြင်းများလည်း လုပ်ဆောင်နေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ရန်ကုန်မြို့ မြောက်ဥက္ကလာ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦးနှင့် လူမိုက်မဲလုံး တို့အဖွဲ့သည် ပြည်သူများကို စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါ လူမိုက်များက အဆမတန် ငွေတောင်းခြင်းများ၊ လူငယ်များကို ရိုက်နှက်မှုများလည်း ကျူးလွန်နေကြောင်း သိရှိရသည်။
” လူငယ်တွေကို ရပ်ကွက်ရုံးခေါ်ယူရိုက်နှက်မှုတွေလည်း ရှိတယ်။ သိပ်မကြာခင်က ရပ်ကွက်ရုံးကို လူငယ်တစ်ဦးကို ခေါ်ယူ ရိုက်နှက်ခဲ့တယ်
ငွေတွေလည်း အဆမတန်တောင်းခံနေတယ်”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလားတူ အလုံ မြို့နယ် ကရင်ခြံရပ်ကွက်ရှိ ကရင်ခြံရပ်ကွက် အုပ်ချုပ်ရေးမှူး မန်းကျော်နိုင်ဦးက ဧည့်စာရင်းဖြင့်နေထိုင်သူ အလုပ်သမားများကို စစ်မှုထမ်းမည်ဆိုပါမှ ဧည့်စာရင်းပေးမည်ဖြစ်ကြောင်း၊ စစ်မှု မထမ်းပါက ဧည့်စာရင်းစစ်ပြီး စစ်တပ်ထဲသို့ ဖမ်းဆီးထည့်သွင်းမည်ဟု ခြိမ်းခြောက်ပြောဆိုပြီး စီးပွားရေး အလုပ်ရှင်များထံမှ အကျပ်ကိုင်ငွေညှစ်နေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
” အလုံ၊ ကရင်ခြံရပ်ကွက်မှာ စစ်မှုထမ်းရန်အတွက် လုပ်ငန်းရှင်တွေဆီ လူတစ်ယောက်တောင်းပါတယ်။ မပေးနိုင်ပါက လူစားထိုးထည့်ရန် တစ်ယောက်စာအတွက် သိန်း ၃၀ တောင်းတယ်။ အဲဒီထဲက ၅သိန်းကို လူစားထိုးဖို့ရှာပေးတဲ့ အဖွဲ့ကို ပေးရပြီး အုပ်ချုပ်ရေးမှူးက ၂၅သိန်းယူတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
ထို့ပြင် စစ်မှုထမ်း အပတ်စဥ် ၅ အတွက် Orchid Condo တွင် နေထိုင်သော ပြည်သူများထံမှ လူငယ် ၁ ဦး တောင်းခံနေပြီး အကယ်၍မပေးနိုင်လျှင် ငွေကျပ်သိန်း ၃၀ ပေးရန် တောင်းခံကြောင်း၊ လူရှာမရသဖြင့် ပြည်သူများကလည်း ငွေကျပ် သိန်း၃၀ပေးရန် သဘောတူလိုက်ရကြောင်း သိရှိရသည်။
ထို့အတူ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်တွင်လည်း အုပ်ချုပ်ရေးမှူး ကျော်ကျော်လွင်က ရပ်ကွက်နေ လူငယ်တိုင်းကို အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်ခြင်း၊ ဖောင်ဖြည့်ခိုင်းများ လုပ်ဆောင်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။
“အိမ်မှရှိတဲ့ လူငယ် ယောင်္ကျားလေးတွေကို အကုန် ရုံးကိုခေါ်ပါတယ်။ ၂ ယောက်ရှိရင် ၂ ယောက်၊ ၃ ယောက်ရှိရင် ၃ ယောက်ခေါ်ပါတယ်။ စာရင်းသွင်းခိုင်းပါတယ် ဖောင်ဖြည့်ခိုင်းတာပေါ့ဗျ။ ကျွန်တော်တို့ရဲ့ကိုယ်ရေးအချက်အလက်တွေလည်းတောင်းပါတယ်”ဟုရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
ထိုမျှသာမက ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးကျော်ကျော်လွင်၊ ရာအိမ်မှူးကျော်ဦးနှင့် အပေါင်းပါတို့က ပြည်သူများဆီက ငွေတောင်းခြင်းများလည်း လုပ်ဆောင်နေကြောင်း၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရပ်ကွက်အတွင်းသွားလာရာတွင် တုတ်၊ ဓားများ၊ တုတ်များ ကိုင်ဆောင်၍ အုပ်စုဖွဲ့ လူမိုက်ပုံစံနှင့် သွားလာလှုပ်ရှားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။
ထို့ပြင် ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် လွစင်ဆိပ်ကျေးရွာနှင့် အညာစုကျေးရွှာ ရွာ ၂ ရွာတို့တွင် ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ကြည်ဇော်က အသက် ၃၅ နှစ်မှ အသက် ၆၅ အထိ သက်ကြီးပိုင်းအမျိုးသားများကို ခေါ်ယူစုဆောင်းနေကြောင်း၊ ထို့ပြင် စစ်မှုထမ်းရသူများအတွက် ဟု ခေါင်းစဉ်တပ်ကာ တစ်အိမ်လျှင် ၂၀,၀၀၀နှုန်း နှင့် ရွာ၂ ရွာလုံးရှိ ပြည်သူများထံမှ ငွေကြေးတောင်းခံနေကြောင်း၊ စစ်မှုထမ်းအပတ်စဉ် ၅ အတွက်လည်း လူငယ်များကို ပေါ်တာဆွဲနေကြောင်း သိရှိရသည်။
” လက်ရှိ အညာစုကျေးရွာ မှာရှိတဲ့ လူငယ်၂ ဦးကို စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အုပ်ကြီးကြည်ဇော်ဆိုသူဟာ လက်ရှိစစ်ခွေးလက်ထက်မှာ ဝင်ရောက်လာတဲ့ ပျူစောထီးဖြစ်ပါတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်း(ဘားကပ်) ကျေးရွာအုပ်စုတွင်လည်း အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်ရှိ အမျိုးသားများကို ကျေးရွာ လုံခြုံရေး အဖွဲ့ ဖွဲ့စည်းရန် အမာခံ အဖွဲ့ဝင် ၁၀ ဦး၊ အရန် ၂၀ ဦးနှင့် ဖွဲ့စည်းမည်ဖြစ်၍ ယနေ့ မွန်းလွဲ ၁ နာရီ အစည်းအဝေး ခေါ်ယူထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar