30 C
Yangon

TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် တရုတ်က ဖိအားပေး ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

အကြမ်းဖက် စစ်ကောင်စီကို အားပေးထောက်ခံနေသော တရုတ်နိုင်ငံက TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် ဖိအားပေးခြိမ်းခြောက်လာကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တရုတ်နိုင်ငံက ဩဂုတ်လ ၂၉ ရက်နေ့ TNLA ထံသို့ အကြောင်းကြားစာတွင် တိုက်ပွဲများ ချက်ချင်းရပ်တန့်ပြီး မြန်မာမြောက်ပိုင်းနှင့် တရုတ်-မြန်မာနယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် ၊ တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် ၊ တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူ အရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား၊ လုပ်ငန်းများနှင့်သက်ဆိုင်သော လုံခြုံမှုများကို အာမခံပေးရန် ၊ တရုတ်ပြည် နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်ပြီး အန္တရာယ်ရှိ စစ်ရေး အပြုအမူကို ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကို TNLA ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ကြောင်း တရုတ်က စာပို့ ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

“တရုတ်ဘက်က စာထုတ်တာက လားရှိုးနဲ့ TNLA သိမ်း ထားတဲ့နယ်မြေတွေကို ဗုံးမကျဲအောင် တစ်ဖက်လှည့်နဲ့ ကူညီတာမျိုးလည်းဖြစ်နိုင်သလို စစ်ကောင်စီဘက်ကနေ တရုတ်ကို အောက်ကျခံ အကူအညီတောင်းတာလည်းဖြစ်နိုင်ပါတယ်။ ဒါကတစ်ချက်။ ဒါပေမယ့် မြောက်ပိုင်းမဟာမတ် ၃ ဖွဲ့က တစ်နိုင်ငံလုံး စစ်အာဏာရှင် ချုပ်ငြိမ်းရေး ကြိုးစားဆောင်ရွက်နေတာဖြစ်တဲ့အတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးက မဟာမိတ်ညီနောင်အဖွဲ့ဘက်က ရပ်တည်နေရင်၊ ရှိနေရင် ဘာကိုမှ ဂရုစိုက်စရာမလိုဘဲ တော်လှန်လို့ရတယ်။ တရုတ်က ကစားနေကြအတိုင်းပဲ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် လုပ်နေတာမျိုးဆိုတော့ စောင့်ကြည့်ရမယ်။ ဒီစာကြောင့် တရုတ်နယ်စပ်နဲ့ မသက်ဆိုင်တဲ့ တစ်နိုင်ငံလုံး ကို ဆက်ပြီးတော့ စစ် မချီတက်တော့ဘူးဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ အခြေအနေက စောင့်ကြည့်ရဦးမယ့်အခြေအနေပဲ။ ကျန်တာတွေက မဟာမိတ် ညီနောင် ၃ ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဆုံးဖြတ်ရမယ့် အခြေအနေလို့တော့မြင်ပါတယ်” ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အခြားသောတစ်ဖက်တွင်လည်း တရုတ်၏ ထုတ်ပြန်သောစာသည် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို ထိုးစစ်များ ရပ်တန့်ပြီး သိမ်းပိုက်ထားသော နယ်မြေများကို အပြီးတိုင် ရယူနိုင်ရေးအတွက် တရုတ်က ကြားဝင်ညှိနှိုင်းရန် ကမ်းလှမ်းမှုဟုလည်း ဆိုနိုင်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဆုံးရှုံးထားသော နယ်မြေများကို ပြန်မတိုက်ခိုက်ရန် တရုတ်က ကြားဝင်ပေးမည့်သဘောလည်း သက်ရောက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက သုံးသပ်ပြောဆိုသည်။

“တရုတ်စာကို အဓိပ္ပာယ်ဖွင့်ကြည့်ရင်။ မင်းတို့တိုက်တာတွေ ရပ်လိုက်တော့ သိမ်းထားတဲ့နယ်မြေတွေကို ယူပြီး အေးဆေးနေတော့။ အဲဒီလိုမှမဟုတ်ရင် အားလုံးအတွက် မကောင်းနိုင်ဘူး။ တော်ကြတော့ဆိုတာမျိုး ဝင်ဟန့်တာ။ သေချာတာကတော့ စစ်တပ်က သူဆုံးရှုံးထားတဲ့နယ်မြေတွေကို သေချာပေါက် တရုတ်က လက်လွှတ်ခိုင်းတာလို့လည်းပြောလို့ရတယ်” ဟု တော်လှန်​ရေး သတင်းရင်းမြစ်က ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article