29 C
Yangon

နေပြည်တော် တပ်ကုန်းတွင် အိပ်ရာထဲလဲနေသော ကျန်းမာရေးမကောင်းသူကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တီဘီရောဂါပိုး စစ်ဆေးတွေ့ရှိသောအခါမှ နေအိမ်ပြန်ပို့

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အိပ်ရာထဲလဲနေသော ကျန်းမာရေးမကောင်းသူကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တီဘီရောဂါပိုး စစ်ဆေးတွေ့ရှိသောအခါမှ နေအိမ်ပြန်ပို့လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ နှောင်းပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ဘူတာကျေးရွာတွင် အိပ်ရာထဲလဲနေသော ကျန်းမာရေးမကောင်းမွန်သူ ကိုကျော်ဆန်းမိုးကို စစ်မှုထမ်းရမည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်မြင့်၊ ရာအိမ်မှူး မြင့်စိုး၊သာဒင်နှင့် ရဲများက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ဆေးစစ်မှုများ လုပ်ဆောင်သောအခါ ကိုကျော်ဆန်းမိုးတွင် တီဘီရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း၊ ထိုအခါမှသာလျှင် နေအိမ်သို့ ပြန်လည်ပို့ဆောင်ကြောင်း သိရှိရသည်။

“နေပြည်တော် တပ်ကုန်းမြို့နယ် ရွှေမြို့ဘူတာရွာမှာ ရောဂါဖြစ်နေတဲ့သူ ကိုကျော်ဆန်းမိုးကို စစ်မှုထမ်းရမယ်ဆိုပြီး အိပ်ရာထဲလဲနေချိန်မှာ လာခေါ်သွားပါတယ်။ ဆေးစစ်တဲ့အချိန်မှာ တီဘီပိုးတွေ့တော့မှ အိမ်ကို ပြန်လာပို့သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ဘူတာကျေးရွာမှ လူငယ် ၃ ဦးကိုလည်း စစ်မှုထမ်းရန်အတွက်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း၊ စစ်တပ်က ပေါ်တာဆွဲမှုများလည်း လုပ်ဆောင်နေသဖြင့် လူငယ်များမှာ ညအချိန် နေအိမ်များတွင် မအိပ်ရဲဘဲ ရွာအနီးရှိ တောတိုက်များထဲတွင် သွားရောက် အိပ်လေ့ရှိကြောင်း သိရှိရသည်။

“ညဘက်တွေဆို ရွာနီးချုပ်စပ်က ရွာသားတွေ။ လူငယ်တွေ အမျိုးသားတွေ အကုန် တောထဲသွားအိပ်နေရတာပါ။ ဖမ်းဆီးရရှိတဲ့ လူငယ်တွေကို နေပြည်တော် ရွာတော်နားက စစ်မှုထမ်း လူငယ် ၄၀၀ လောက်ရှိတဲ့စခန်းကိုပို့တယ်။ ရွှေမြို့ဘူတာရွာမှာနေတဲ့ လူငယ် ၃ ဦးတော့ ပါသွားပါတယ်။ ငမော့ရယ် ဖိုးခင်ရယ်၊ ကျွဲကြီးဆိုတဲ့ လူငယ်ရယ်။ ၃ ဦးပါသွားတယ်။ အခြားရွာတွေကလည်းပါတယ်” ဟု ဒေသပြည်သူက ဆက်လက် ရှင်းပြသည်။

ဓာတ်ပုံ – စစ်ကောင်စီက စစ်သင်တန်းပို့ချနေမှုကို တက်ရောက်နေရသည့် အမျိုးသားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီက စစ်သင်တန်းပို့ချနေမှုကို တက်ရောက်နေရသည့် အမျိုးသားများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article