30 C
Yangon

နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ် ၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများ အပါအဝင် နေရာအများအပြားတွင် ရေအမြင့် အနည်းဆုံး ၆ ပေမှ ၉ ပေအထိ မြင့်တက်နေပြီး ပြည်သူများ ပိတ်မိနေကာ ရေစီးသန်သဖြင့် ကယ် ဆယ်ရေး ခက်ခဲနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ် ၊ တပ်ကုန်းမြို့နယ်အတွင်း ရှိ ကျေးရွာများ အပါ အဝင် နေရာအများအပြားတွင် ရေအမြင့် အနည်းဆုံး ၆ ပေမှ ၉ ပေအထိ မြင့်တက်နေပြီး ပြည်သူများ ပိတ်မိနေကာ ရေစီးသန်သဖြင့် ကယ်ဆယ်ရေး ရောက်ရှိရန် ခက်ခဲနေကြောင်း ဒေသပြည်သူများနှင့် ကယ် ဆယ်ရေးသမားများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှစတင်ပြီး မိုးများ အဆက်မပြတ်ရွာ သွန်း ရာမှ စက်တင်ဘာလ ၁၁ ရက်နေ့ တွင် မြစ်ချောင်းများအားလုံး ရေများလျှံလာကြောင်း၊ ယင်းနောက် ရေကြီးမှုများ စတင်ကြုံတွေ့လာရပြီး ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ တွင် တပ်ကုန်းမြို့နယ်အတွင်းမှ ရွာများ ရုတ် တ ရက် ရေကြီးမှုများ ကြုံတွေ့ရကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရုတ်တရက်ရေများမြင့်တက်လာပြီး အနည်းဆုံး ၆ ပေမှ ၉ ပေ အထိ မြင့်တက်လာကြောင်း သိရှိရသည်။

“အခု သိထားရတာက နေပြည်တော် ပျဥ်းမနားမြို့အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ရွာတွေ အားလုံးနီးပါး ရေမြုပ်သွားတယ်။ ဘော ဂ သီရိကားဝင်းဘေးနားက ဆင်သေချောင်း ရေကြီးတော့ အဲဒီအနားမှာရှိတဲ့ တံတားဦးရွာမှာဆိုရင် ရေက ၆ ပေလောက် တက်ပြီး ရွာပါ မြုပ်သွားတယ်။ ပျဉ်းမနား သကြားစက် မြောက်ဘက် ညောင်ပင်ကြီးရွာလည်း ရေဘေး အရမ်းဆိုးတယ်။ ရေက အနိမ့်ပိုင်းမှာ ၉ ပေလောက်တက်တယ်။ အခုထက်ထိ ရေတွေက ပြန်မကျသေးဘူး။ ထပ်တော့ မတိုးတော့ဘူး။ နောက်ပြီး ဇေယျာသီရိမြို့နယ် စည်ပင်ကျေးရွာ အုပ်စုအတွင်းမှာလည်း ရေတွေ တက်နေတယ်။ တစ်ညလုံးရေတွေ တဟုန်ထိုးတက်လာတာ။ အခု မနက်တော့ တချို့နေရာတွေမှာ ရေက နည်းနည်းအီသွားပြီးတော့ ထပ်တော့ မတိုးတော့ဘူး” ဟု နေပြည်တော်အခြေစိုက် ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်တွင် နေရာအများအပြား ရေမြုပ်နေပြီး ယမန်နေ့မှ ယနေ့ နံနက်ပိုင်းအထိ ရေဘေးဒု က္ခသည်များမှာ ရေမတက်သည့်နေရာများတွင် ခိုကပ်နေကာ ၁ ရက်ကျော် ထမင်းမစားရကြောင်း ၊ ကယ်ဆယ်ရေးသမားများမှာလည်း ရေစီးသန်လွန်းသဖြင့် ရေဘေးဒုက္ခသည်များကို ကယ်ဆယ်ရန် အလွန်ခက်ခဲကြောင်း သိရှိရသည်။

“နေပြည်တော်ပတ်ဝန်းကျင်က ရေကြီးတာမျိုးက အခုမှ ကြုံဖူးတာ။ အရင် ရေတက်ရင် ချောင်းနား၊ ကမ်းနားကပဲ ရေတက်တာ။ အခုက ရေက ပျဉ်းမနား၊ ဇေယျာသီရိနဲ့ တပ်ကုန်း ရွာတွေအကုန် ရေကြီးတဲ့ဒဏ်ခံနေရတယ်။ အဓိကက ရေက တအားစီးတယ်။ စက်လှေတောင်မှ မော်တာကောင်းကောင်းမှ ကယ်ဆယ်ရေးလုပ်လို့ရမယ်။ လက်လှော် လှေတွေ သုံးမရဘူး။ အဲဒါကြောင့် ကယ်ဆယ်ရေးတွေ နေရာပေါင်းစုံ မရောက်နိုင်တာ” ဟု နေပြည်တော်မှ ကယ်ဆယ်ရေးသမားက ဆိုသည်။

လတ်တလော နောက်ဆုံးရရှိထားသော မိုးများ အဆက်မပြတ်ရွာသွန်းနေသည့်အတွက် အထေက်ပေါင်းလောင်းဆည်တွင် ရေများ အလွန်မြင့်တက်နေကြောင်း၊ တပ်ကုန်း၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျေးရွာများ ရေကြီးမည့်ဒဏ် ခံရဖွယ်ရှိနေကြောင်း နေပြည်တော်မှ ကယ်ဆယ်ရေးသမားတချို့က ဆိုကြသည်။

“အထက်ပေါင်းလောင်း ရေက ၈ ပေလောက်ကျော်နေတယ်။ အောက်ပေါင်းလောင်းနဲ့ အဝေရာအထိ ရေများလာနိုင်တယ်။ အဝေရာဆည်ကလည်း ရေတံခါး ဖွင့်ထားတယ်။ ဆင်သေချောင်း၊ ငလိုက်ချောင်းနားက ရွာတွေအကုန် ရေတွေ ကြီးနိုင်တယ်။ မိုးကလည်း အဆက်မပြတ်ပဲ ရွာနေတော့ ပြည်သူတွေ ပြောင်းရွှေ့တာတွေ မီရင်တော့ အမြန်လုပ်ရမယ်ထင်ပါတယ်” ဟု နေပြည်တော်မှ ကယ်ဆယ်ရေးသမားက ရှင်းပြသည်။

ပျဉ်းမနားမြို့နယ်၊ ပျဥ်မနားသကြားစက် စျေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရေများ မြင့်တက်လာသဖြင့် လူပေါင်း ၃၀၀ကျော် ပိတ်မိနေပြီး ဘုန်းကြီး ကျောင်း အပေါ် ထပ်အထိ ရေတက်လာနေကြောင်း သိရှိရသည်။

နေပြည်တော်ရှိ ရေကြီးနေသော ကျေးရွာများတွင် ဖုန်းလိုင်းများလည်း ဆက်သွယ်မရဘဲ လျှပ်စစ်မီးများလည်း ပြတ်တောက်နေကြောင်း၊ ရေစီးနှင့်အတူ အိမ်အလုံးလိုက် မျောပါသွားခြင်း၊ ကျွဲနွားများ မျောပါသွားခြင်း၊ လူသေဆုံးမှုတချို့လည်း ရှိနိုင်ကြောင်း သိရှိရသည် ။

စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးက ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည် တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့်ဒေသများတွင် မိုးရွာသွန်းမှုများပြားလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိကြောင်း၊ ထို့ကြောင့်ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများ၊ ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ်သတိပြုကြရန် ယမန်နေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article