ရန်ကုန်၊ စက်တင်ဘာ ၁၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် နံနက်ပိုင်းတွင် ကျွဲထိန်းကုန်းရွာရှိ လက်ဖက်ရည်ဆိုင် ၁ ဆိုင်ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆိုင်အတွင်းရှိ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အမျိုးသမီး ၃ ဦးသည် ကျွဲထိန်းကုန်းရွာတွင် နေထိုင်သည့် အသက် ၆၀ နှစ်အရွယ် ဒေါ်စန်းသီ၊ အသက် ၄၀ နှစ်အရွယ် ဒေါ်စန်းသွယ်နှင့် အသက် ၁၈ နှစ်အရွယ် မဖြူဇာအေး တို့ ဖြစ်ကြောင်း၊ ဒေါ်စန်းသွယ်သည် ဗုံးသီးထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန် ၂ ဦးသည် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ လူနေအိမ်များကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကိုနေနိုင်သူ (ခ) ဒီးဒုတ် ခြေထောက်တွင် ဗုံးစ ထိမှန်ကာ ဆေးကုသရန် သွားရောက်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အတွင်း ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး နေအိမ် ၄ လုံးခန့် ပျက်စီးကာ ကျေးရွာနေ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar