26 C
Yangon

မင်းအောင်လှိုင်နှင့်စစ်အုပ်စုက ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး ထက် ဗုံးကျဲ တိုက်ခိုက်ရန်သာ တာဆူနေသည့် လူစိတ်ကင်းမဲ့သော အာဏာလောဘ စိတ်မွန်းနေသူများဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

Must read

မင်းအောင်လှိုင်နှင့်စစ်အုပ်စုက ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး ထက် ဗုံးကျဲ တိုက်ခိုက်ရန်သာ တာဆူနေသည့် လူစိတ်ကင်းမဲ့သော အာဏာလောဘ စိတ်မွန်းနေသူများဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၅

အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်အုပ်စုက ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေးထက် ဗုံးကျဲ တိုက်ခိုက်ရန်သာ တာဆူနေကြောင်း အမျိုးသားညီ ညွတ်ရေး အစိုးရ-NUG၏ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHက ကြီးမှူးကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်း အနားတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံအနှံ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူး တိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် ဒေသ အသီးသီးတွင် ရေဘေးဒုက္ခများကို ပြည်သူများ ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်မှာ စိတ်မကောင်းစွာ မြင်တွေ့နေရကြောင်း၊ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်အာဏာရှင်များ၏ အာဏာလောဘ စိတ်များကြောင့် တိုင်းရင်းသားပြည်သူများသည် စစ်ဘေးဒဏ်၊ သဘာဝေဘေး ဒဏ်ကို အခြားနိုင်ငံများထက် ပိုပြီး ဆိုးရွားစွာ ရင်ဆိုင်နေခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်နှင့် စစ်အုပ်စုက ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရန်ထက် အရပ်သားပြည်သူများကို ဗုံးကျဲ တိုက် ခိုက်ရန်သာ ဦးတည် တာဆူနေသည်ကို တွေ့မြင်ရကြောင်း၊ မင်းအောင်လှိုင်နှင့် စစ်အုပ်စုမှာ လူစိတ် ကင်းမဲ့ပြီး အာဏာလောဘ စိတ်မွန်းနေသူများဖြစ်၍ အာ ဏာတည်မြဲရေးကိုသာ အလေးထားပြီး ပြည်သူများ၏ ဒုက္ခ ဝေဒနာများကို စာနာစိတ်ရှိသူမဟုတ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးရေဘေးကြုံတွေ့နေချိန် စက်တင်ဘာလ ၁၃ ရက်နေ့၊ စက်တင်ဘာလ ၁၄ ရက်နေ့တို့တွင် နောင်ချို၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို တိုက်လေယာဉ်များဖြင့် ဗုံးကျဲချမှုများ ဆက်တိုက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်အာဏာရှင်စနစ်က မြန်မာ လူထု၏ ဒီမိုကရေစီအခွင့်အရေးနှင့် ဒီမိုကရေစီလွတ်လပ်ခွင့်များကို အကြီးကျယ်ဆုံး တားဆီး ဟန့်တားနေသည့် ရန်သူ ဖြစ်ကြောင်း၊ ထို့ကြောင့် လူထု ဒီမိုကရေစီအပြည့်အဝ ရရှိရေးကို လုပ် ဆောင်သည့် နေရာတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည် ပထမ ဦးစား ပေးအနေဖြင့် အားလုံး လုပ်ဆောင်နေကြရခြင်း ဖြစ်ကြောင်း၊ အဆိုပါပထမ ဦးစားပေးတာဝန်သည် လူထုအကျိုးစီးပွားကို အကျယ်ပြန့်ဆုံးဖော်ဆောင်နိုင်ရန် အတွက် ပထမဆုံး လမ်းစဉ်ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ လူထုဒီမိုကရေစီအပြည့်အဝ ရရှိရေးကို အစဉ်တစိုက် ကြိုးစားအားထုတ်ပြီး ဒီမိုကရေစီ အနှစ်အသားတွေကို လေးနက်စွာ ယုံကြည်ခံယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုသည်။

ဒီမိုကရေစီ ရွေးကောက်ပွဲ မရှိလျှင် လူထုကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုသည့် ပြည်ထောင်စုမဏ္ဍိုင်များ ပေါ်ထွက်လာရန် မလွယ်ကြောင်း၊ စစ်အာဏာ ရှင်စနစ် အသက်ဝင်နေသမျှ ကာလပတ်လုံး လူထု၏ ကိုယ်စားပြုမှုနှင့် လူထု၏ သဘောထားအမြင်များသည် တိမ်သလာ ဖုံးသကဲ့သို့ မျက်ကွယ်ပြုခြင်း ခံရဦးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအနှစ်သာရထဲမှ ဒီမိုကရေစီတန်ဖိုးများ ကျယ်ကျယ်ပြန့်ပြန့် သုံးဆောင်ခံစားခွင့်ရှိရေးကို တညီတညွတ်တည်း ကြိုးစားအားထုတ်ကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ လူထုအတွက် ဖြစ်ပြီး လူထုမှ ကိုယ်စားပြုပြီး အာဏာမဏ္ဍိုင်ကို ထူထောင်ရခြင်း ဖြစ်ကြောင်း၊ လူထုအကျိုးစီးပွားကို ပန်းတိုင်ကဲ့သို့ ရည်မှန်း၍ လျှောက်လှမ်းရသည့် လမ်းစဉ်ဖြစ်ကြောင်း၊ ထို့ကြောင့် government of the people / for the people / by the people ဟု ထိထိမိမိ ပြောကြခြင်းဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ က ရှင်းလင်းပြောဆိုသည်။

အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တော်လှန်ရေး အစိုးရဖြစ်သည်နှင့် အညီ တစ်ဖက်တွင် လည်း ပျောက်ဆုံးသွားသည့် ဒီမိုကရေစီအနှစ်သာရများကို ပြန်လည်ဖော်ဆောင်ရန်အတွက် ဖြစ်ပေါ်လာရသည့် အစိုးရ ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထုကြားက ပေါ်ထွက်လာသည့် အစိုးရဖြစ်ပြီး ပြည်သူလူထုအတွက် ဖြစ်တည်နေသည့်အစိုးရ၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ဖြစ်တည်နေသည့် အစိုးရအဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုသည်။

“ဒီမိုကရေစီလွတ်လပ်ခွင့်တွေနဲ့အတူ လူမျိုးစုအားလုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးကို ယှဉ်တွဲ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဖက်ဒရယ်အနှစ်သာရတွေအပေါ်မှာ အခြေခံပါတယ်။ ဖက်ဒရယ်အနှစ်သာရနဲ့ ဒီမိုကရေစီအနှစ်သာရကို သိမ်မွေ့စွာ ပေါင်းဖက်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ခံယူပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖက်ဒရယ်အနှစ်သာရတွေနဲ့ ဒီမိုကရေစီအနှစ်သာရတွေ သိမ်မွေ့စွာ ပေါင်းဖက်နိုင်ရေး၊ ကျယ်ပြန့်စွာ ပေါင်းဖက်နိုင်ရေးနဲ့ နက်ရှိုင်းစွာ ပေါင်းဖက်နိုင်ရေးဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အပါအဝင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အထူး တာဝန်ရှိ တယ်လို့ ခံယူပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေကို ကိုယ်စားပြုပြီး စုဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့လည်း ဒီတာဝန်ကို အမြော်အမြင် ရှိရှိ ထမ်းဆောင်ဖို့ အထူးလိုအပ်တယ်လို့ ယူဆပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article