26 C
Yangon

AA သိမ်းပိုက်ရန် ကျန်နေသော ရခိုင်မှ မြို့နယ်များတွင်သာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်

Must read

ရန်ကုန်| အောက်တိုဘာ ၁

အာရက္ခတပ်တော် AA သိမ်းပိုက်ရန် ကျန်ရှိနေသေးသော ရခိုင်ပြည်အတွင်းက စစ်တွေ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်နှင့် အမ်းမြို့နယ်တို့တွင် စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ရဲနှင့်စစ်တပ်က လုံခြုံရေးယူပေးပြီး ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၈ နာရီကစတင်၍ လူဝင်မှုကြီးကြပ်ရေး (လဝက) ဌာနက သန်းခေါင်စာရင်း ကောက်ယူနေပြီဟု ဒေသခံများက ပြောသည်။

စစ်တွေမြို့ခံတစ်ဦးက “သန်းခေါင်စာရင်း ဒီကနေ့ စကောက်ပါတယ်။ ရပ်ကွက်တိုင်းလိုလိုမှာ စကောင်နေပါပြီ။ လဝကနဲ့ ဌာနဆိုင်ရာတစ်ချို့ပါတယ်။ ရဲနဲ့ စစ်တပ်က လုံခြုံရေးယူပေးထားတာ တွေ့ရပါတယ်။ ၁၅ ရက်နဲ့ အပြီးကောက်သွားမယ်လို့ သိရပါတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၄ သန်းခေါင်စာရင်းကို ယနေ့ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း အပြီး ကောက်ယူသွားမည်ဟု ကြေညာထားသည်။

တောင်ကုတ်မြို့တွင်လည်း ယနေ့ စတင်ကာ သန်းခေါင်စာရင်း ကောက်ယူနေပြီဟု မြို့ခံတစ်ဦးက ဆိုသည်။

” သန်းခေါင်စာရင်း ဒီကနေ့ စတင်ကောက်ပါပြီ။ မြို့မှာက လူမရှိတဲ့ အိမ်တွေ များပါတယ်။ သူတို့ကောက်ရင်လည်း အပြည့်အစုံ ရမှာ မဟုတ်ပါဘူး။ ဌာနဆိုင်ရာကတော့ အုပ်စုလိုက်ခွဲပြီး ကောက်ယူနေတာ တွေ့ရပါတယ်။ ” ဟု ပြောသည်။

ရခိုင်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိသည့်အနက်မှ ၁၁ မြို့နယ်ကို AA က တိုက် ခိုက်သိမ်းပိုက်ထားပြီဖြစ်သည်။

မွန်ပြည်အပါအဝင် ကရင်၊ ကရင်နီ၊ ချင်းဒေသနှင့် တိုင်းဒေသများတွင် စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူခြင်းကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများက ဆန့်ကျင်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

သို့သော်လည်း ရခိုင်ပြည်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေခြင်းနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။

အာဏာသိမ်း စစ်ကောင်စီသည် သန်းခေါင်စာရင်းကို ခုတုံးလုပ်ပြီး ၂၀၂၅ ခုနှစ်တွင် ပြည်သူ့ထောက်ခံမှုမပါသော အထွေထွေရွေးကောက်ပွဲကြီးအား ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ၁၀ တစ်ကြိမ်ကောက်ယူကာ လက်ရှိ ကောက်ယူနေသော သန်းခေါင်စာရင်းကို စစ်ကောင်စီက မြန်မာ့လူဦးရေ ၅၆ သန်းအထိ ခန့်မှန်းထားသည်။

သို့သော်လည်း အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် စစ်မှုထမ်းဥပဒေများကြောင့် လူငယ်များအပါအဝင် မြန်မာပြည်သူများမှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံမှု သန်းချီရှိနေကြသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

ဓာတ်ပုံ – ဧရာ၀တီတိုင်းတွင် ယနေ့ သန်းခေါင်စာရင်း ကောက်ယူနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဧရာ၀တီတိုင်းတွင် ယနေ့ သန်းခေါင်စာရင်း ကောက်ယူနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article