30 C
Yangon

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အလည်အပတ်နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက်လိုသူ အများစု ရန်ကုန်လေဆိပ်မှ ထွက်ခွင့်မရဘဲ စစ်ကောင်စီက ပိတ်ပင်ထားမှု လဝက်နီးပါး ကြာမြင့်လာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အလည်အပတ်နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက်သူများအနက်မှ အများစုကို စစ်ကောင် စီ ရန်ကုန်လေဆိပ်မှပင် လှည့်ပြန်ခိုင်းနေသဖြင့် စင်ကာပူသွားလိုသူများ အခက်အခဲဖြစ်နေကြကြောင်း စင်ကာပူနိုင်ငံသို့ ခရီးသွားဝန်ဆောင်မှု အေဂျင်စီများနှင့် စင်ကာပူနိုင်ငံသို့ သွားရောက် အကြိမ်ကြိမ်ကြိုးစားနေကြသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းမှစတင်၍ ရန်ကုန်လေဆိပ်တွင် စင်ကာပူနိုင်ငံသို့ PV အလည်အပတ်ဖြင့် သွားရောက်မည့်သူများကို ထွက်ခွင့်မပေးတော့ဘဲ အများစုမှာ လေယာဉ်၊ ဗီဇာ၊ Show Money ၊ ဟိုတယ်ဘိုကင် စသည့် အထောက် အထားများ အစုံအလင်ပြသည့်တိုင် ရန်ကုန်လေဆိပ်မှ စစ်ကောင်စီ ပူးပေါင်းအဖွဲ့က ပိတ်ပင်ထားကြောင်း သိရှိရသည်။

“ရန်ကုန်-စင်ကာပူတိုက်ရိုက်က ၁၀၀ သွားဖို့ ကြိုးစားတယ်ဆိုရင် ၇၅ ဦးလောက် အငြင်းခံရတယ်။ PV တွေအားလုံး အငြင်းခံနေရတာ။ အဲဒါ လေယာဉ်လက်မှတ်၊ ဗီဇာ၊ Show Money ၊ ဟိုတယ်ဘိုကင် အကုန် သက်သေအထောက်အထား အစုံအလင်ပါတယ်။ သွားခွင့်မရဘူး။ တချို့တော့ ဘန်ကောက်ကိုသွားပြီးတော့ ဘန်ကောက်ကမှ စင်ကာပူသွား အဲဒီလိုတွေ လုပ်နေရတယ်။ ၁၅ ရက်၊ ရက် ၂၀ လောက်ရှိနေပြီ ရန်ကုန်-စင်ကာပူ တိုက်ရိုက်တွေ အပိတ်ခံနေရတာ” ဟု စင်ကာပူသို့ ခရီးသွားဝန်ဆောင်မှုပေးသော အေဂျင်စီတစ်ခုက ရှင်းပြသည်။

ထို့ပြင် ယခုနောက်ပိုင်း အသက် ၄၀ နှင့် အသက် ၄၀ နှစ်အောက် PV နိုင်ငံကူးလက်မှတ်များဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ရန် ကြိုးစားသူများလည်း ပြည်ပထွက်ခွင့် ငြင်းပယ်ခံနေရကြောင်း၊ သက်သေ အထောက်အထားများ အပြည့်အစုံ ပြသသည့်တိုင် မည်သည့်အကြောင်းပြချက်မှ မပေးဘဲ လေယာဉ်ပေါ် တက်ခွင့် ငြင်းပယ်ခံနေရကြောင်း သိရှိရသည်။

“လေဆိပ်က ပြည်ပ ထွက်ခွာတွေကိုအသေစစ်တယ်။ မနေ့က ဘန်ကောက်ကို ထွက်ခွင့်မရတဲ့သူလည်းများတယ်။ မိန်းက လေးတွေရော၊ အမျိုးသားတွေရော အသက်က ၄၀ ဝန်းကျင်တောင် ထွက်ခွင့်မရဘူး။ အသေစစ်တာမှ အသေပဲ။ တစ်နာရီကျော်ကြာတယ် စစ်တာ။ လေယာဉ်လက်မှတ်အသွား၊ အပြန်၊ ဟို တယ် Booking၊ Show moneyအကုန်ပါတာကို ပေးမထွက်တာ။ တချို့လည်း တာချီလိတ်ကနေ မယ်ဆိုင်ကို ကူးပြီး သွားလို့တော့ ပြောတယ်။ ထွက်လို့ရအောင် VIP Service ပေးမယ်၊ ဝန်ဆောင်ခ သိန်း ၅၀ ဆိုတာတွေကလည်း ပေါမှပေါ။ ဘာလုပ်ရမလဲတော့မသိသေးဘူး” ဟု ယမန်နေ့ ရန်ကုန်လေဆိပ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ငြင်းပယ်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းအပြင် ရန်ကုန်လေဆိပ်တွင် PV အလည်အပတ်နိုင်ငံကူးလက်မှတ်ဖြင့် စီးပွားရေးကိစ္စဟုဆိုကာ ကုမ္ပဏီထောက်ခံစာ လုပ်၍ ပြည်ပထွက်ခွင့်ရန် ကြိုး စားသူများကို ယခင်က ခွင့်ပြုခဲ့သော်လည်း ယခုအခါ ကုမ္ပဏီထောက်ခံစာ အတုများ များပြားလာသည်ဟုဆိုကာ ကုမ္ပဏီ ထောက်ခံစာဖြင့် စီးပွားရေးကိစ္စ ပြည်ပထွက်ရန် ကြိုးစားသူများကိုလည်း တားဆီးနေကြောင်း သိရှိရသည်။

“လေဆိပ် စက်လှေခါးကနေ တက်တာနဲ့ ရဲတွေက စစ်တော့တာပဲ။ PV ဆိုတာနဲ့ ရစ်တော့တာပဲ။ သူတို့မသင်္ကာရင် ဘေးခဏ ကပ်ခိုင်းထားတယ်။ ဘေးကပ်ခိုင်းပြီးရင် နိုင်ငံကူးလက်မှတ် ရဲက ယူသွားပြီ။ ၁ နာရီလောက်ကြာရင် မရဘူးဆိုပြီး ပြန်ခိုင်းတော့တာပဲ။ ဘာလို့လဲ မေးမရ။ နောက်အခု ခေတ်စားလာတာက ကုမ္ပဏီ စာရွက်စာတမ်းနဲ့သွားတာ။ ပြည်ပမှာ အဝယ်တော်သွားဖို့ဆိုပြီး လွှတ်တာ။ အခုကျတော့ အတုလုပ်သူများလာတော့ အဲဒါတွေလည်း မရတော့ပြန်ဘူး။ ရန်ကုန်လေဆိပ်က တကယ့်ငရဲဘုံဖြစ်လာတာပဲ” ဟု စင်ကာပူသို့ သွားခွင့်ရရန် ၃ ကြိမ် ကြိုးစားခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ အလုပ် အကိုင် သွားရောက် လုပ်ကိုင်သူများကို စိစစ်တားဆီးမည်ဟု ကြေညာပြီးနောက် ရန်ကုန်လေဆိပ်မှ အများစုသော ပြည်ပထွက်ရန် ကြိုးစားသူများ တားဆီးခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article