24 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု၊ ကျားဖြန့်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ တိုးပွားပြီး မူးယစ်ဆေးဝါးဝင်ငွေ ဒေါ်လာ သန်း ၁၃၄၇ သန်း ပြည်တွင်းသို့ စီးဆင်းနေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် ပြော

Must read

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု၊ ကျားဖြန့်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ တိုးပွားပြီး မူးယစ်ဆေးဝါးဝင်ငွေ ဒေါ်လာ သန်း ၁၃၄၇ သန်း ပြည်တွင်းသို့ စီးဆင်းနေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် ပြော

🟥မြန်မာနိုင်ငံမှ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများက ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ထိခိုက်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုးပွားလာပြီး မူးယစ်ဆေးဝါးတင်ပို့မှုမှ ဒေါ်လာ သန်း ၁၃၄၇ သန်း ပြည်တွင်းသို့ စီးဆင်းနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးတစ်ခုတွင် ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီ လာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစည်းအဝေးတွင် သံအမတ်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု လုံးဝမရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုများ များပြားနေခြင်းသည် နိုင်ငံ ဖြတ်ကျော် ရာဇ၀တ်မှုများ၊ online လိမ်လည်မှု၊ လူကုန်ကူးမှု နှင့် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် တရားမဝင် စီးပွားရေး အများအပြား အပေါ် ထပ်လောင်း အကျိုး သက်ရောက်ပြီး အခြေအနေ ပိုမိုဆိုးရွား စေကြောင်း၊ UNCTAD ၏ အဆိုအရ မူးယစ်ဆေးဝါး တင်ပို့မှု တစ်ခုတည်းမှ ဖြစ်ပေါ် လာသော တရားမဝင် ငွေကြေးစီးဆင်းမှုများသည် မြန်မာပြည်တွင်းသို့ အမေရိကန်ဒေါ်လာ ၁,၃၄၇ သန်း အထိရှိနေ ကြောင်း၊ ယခုဖြစ်စဉ်များသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ထိခိုက်သည့် အန္တရာယ်များဖြစ်သည်မှာ အလွန်ရှင်းလင်းကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

ထို့ပြင် တရားမဝင်စစ်အာဏာသိမ်းပြီးနောက် ယိုယွင်းလာသော စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှု တိုးပွားလာခြင်းတို့က မြန်မာပြည်သူများကို ဘဝဖွံ့ဖြိုးတိုးတက်မှုထက် နေ့စဉ်အသက်ရှင်သန်မှုအပေါ်သာ အာရုံစိုက်နေကြရကြောင်း၊ တရားမ၀င်အာဏာသိမ်းမှုက မြန်မာနိုင်ငံတွင် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူမှုရေးယိုယွင်းပျက်စီးမှုများ၏ မူလဇစ်မြစ်ဖြစ်ဖြစ်ကြောင်း၊ တရားမ၀င် စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိအခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲကို ကျင်းပရန် သင့်လျော်သည့် အခြေအနေမဟုတ်ကြောင်း သံအမတ်ကြီးက နိုင်ငံတကာသို့ ရှင်းလင်းပြောဆိုသည်။

လက်ရှိ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန်အကြမ်းဖက်စစ်တပ်၏ ကြိုးပမ်းမှုမှန်သမျှကို မြန်မာပြည်သူများက ပြတ်ပြတ်သားသား ကန့်ကွက်ပြီး နိုင်ငံတကာအသိုက်အဝန်းကလည်း အလားတူ လုပ်ဆောင်သင့်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသည် မိမိတို့ယခင်ရရှိခဲ့ပြီးသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ တိုးတက်မှုများ ပြန်လည်ရရှိရန်နှင့် ၂၀၃၀ အာဂျင်ဒါကို အကောင်အထည်ဖော်ရန် တစ်ခု တည်းသော အလားအလာ ရှိသောလမ်းစဉ် ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရသည် Myanmar Sustainable Development Plan (MSDP) မူဘောင် အကာင်အထည်ဖော်ဆောင်မှုနှင့် အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်များ (SDGs) အောင်မြင်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ပိုမိုလာရောက်စေရန် ဆွဲဆောင်နိုင်ခဲ့ပြီး၊ ဘဏ်စနစ်၊ ဘဏ္ဍာရေး စနစ်များ သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ သို့သော် အဆိုပါ တိုးတက်မှုများ အပါအဝင် ရရှိခဲ့သော တိုးတက်မှုများ အားလုံးသည် ၂၀၂၁ ခုနှစ် စစ်တပ်မှ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ကံမကောင်းစွာ ဆုတ်ယုတ် သွားခဲ့ ရကြောင်း၊ စစ် အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းများ ကြောင့် ပုဂ္ဂလိကကဏ္ဍများတွင် လုပ်ကိုင်နေသူများ အပါ အဝင် လူငယ်အများအပြားသည် နိုင်ငံအတွင်း ပုန်းအောင်း နေကြရပြီး၊ အချို့မှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ UNDP ၏ အစီရင် ခံစာအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်၌ နေထိုင်ရကြောင်း၊ နိုင်ငံ့စီးပွားရေး၏ အဓိကအင်အားဖြစ်သော လူလတ်တန်းစား များ ပျောက်ကွယ် နေပြီး လူတန်းစားမညီမျှမှုများမြင့်မားလာနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article