26 C
Yangon

ရန်ကုန်တွင် ဒုတိယမြောက်နေ့အဖြစ် ရေမြုပ်နေပြီး မိုးအဆက်မပြတ် ရွာသွန်းနေကာ လမ်းများပိတ်ဆို့၊ ဘင်္ဂလားပင်လယ်အော်တွင် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်၍ နေ့စဉ် ရက်ဆက်မိုးရွာသွန်းမည်ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းအတွင်းတွင် ယနေ့ ဒုတိယမြောက်နေ့ အဖြစ် မြို့နယ်အများအပြားတွင် ရေမြုပနေပြီး မိုးမှာလည်း အဆက်မပြတ် ရွာသွန်းနေဆဲကာ လမ်းများ ပိတ်ဆို့နေကြောင်း ရန်ကုန်မြို့မှ ပြည်သူများထံမှ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေများ ဆက်လက်ကြီးနေပြီး အထူးသဖြင့် ရန်ကုန်လမ်းမကြီးများတွင် ရေလျှံနေခြင်းကြောင့် လမ်းများ ပိတ်ဆို့နေကြောင်း၊ တချို့သော မြို့နယ်များတွင် ရေကြီးသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များ ပြောင်းရွှေ့မှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။

“အင်းလျားကန်လည်း ရေပြည့်တော့ ကမ္ဘာအေးဘုရားလမ်းဘက်က မြောင်းတွေက ရေကမဆင်းတော့ဘူး။ ကမ္ဘာအေးဘုရားလမ်း တစ် လျှောက် ရေတွေ အတော်ကို ကြီးနေတယ်။ ကားတွေ ရေနစ်နေတာ ၁၀ စီးလောက်ရှိမယ်။ သမိုင်းဘက်လမ်း ရေကြီးနေတယ်။ ဝေဇယန္တရာလမ်း၊ သစ္စာလမ်း အဲဒီဘက်တွေလည်း ရေတက်တယ်။ အင်းစိန်ပန်းခြံဘက်မှာလည်း ရေရှိတယ်။ ရွာမကျောင်းလမ်းကတော့ ချောင်းရှိတော့ ရေတက်တယ်။ တော်တော်များများ ရေကြီးနေတယ်။ လမ်းတွေပိတ် ကားတွေ သွားမရဘူး” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ်အတွင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သာဓုကန်(လှော်ကားကန်)၌ ဒီကနေ့ည လက်ရှိရေတက်အမှတ်ထက် ၁ ပေ ထပ်တက်ပါက ရေလွှဲဖောက်ချမည်ဖြစ်ကြောင်း ကျောင်းကုန်းရပ်ကွက်တွင် ညနေပိုင်းက လိုက်လံကြေညာခဲ့ကြောင်း၊ ယမန်နေ့ညပိုင်းအထိ အမှတ် ၂၇ ရပ်ကွက်၊ စမ်းချောင်းလေးရွာ၊ စမ်းချောင်းကြီးရွာ၊ စမ်းကရင်ရွာနှင့် အခြားရပ်ကွက် အနိမ့်ပိုင်းများ၌ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရွှေပြည်သာ ဒေသသတင်းရင်းမြစ်က ထုတ်ပြန်သည်။

ယမန်နေ့ကလည်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် ၂၄ ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ပွားသဖြင့် အိမ်ထောင်စုများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ လည်းကောင်း၊ အောက်တို ဘာလ ၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ကြောင်း၊ ယင်းနောက် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ် ပိုမိုအားကောင်းလာနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ယနေ့နံနက်ပိုင်းမှ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ် ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုး/ဇလက သတိပေးချက် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article