24 C
Yangon

စစ်ကောင်စီ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး ICC တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် NUG အပါအဝင် တော်လှန်ရေးအင်အားစုများတွင် ထိရောက်သော ပိုင်နက်နယ်မြေ ထိန်းချုပ်နိုင်မှုများ ရှိနေပြီဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂညီလာခံတွင် တင်ပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC နှင့် ပူးပေါင်းဆောင် ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် တော်လှန်ရေးအင်အားစုများတွင် ထိရောက်သော ပိုက်နက်နယ်မြေ ထိန်းချုပ်နိုင်မှုများရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၏ မျက်နှာစုံညီ အစည်းအဝေး၊ အစီအစဉ်အမှတ် ၇၄ – “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်ဖြင့် အထွေထွေ မူဝါဒဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ မှတ်ပုံတင်အရာရှိထံသို့ ပုဒ်မ ၁၂၊ အပိုဒ်ခွဲ (၃) အရ ကြေညာချက် တင်သွင်းကာ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ကျူးလွန် ခဲ့သော ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ ခုံရုံး၏ စီရင်ပိုင်ခွင့်ကို လက်ခံသည်ကို အသိပေးခဲ့ကြောင်း၊ အဆိုပါ ကြေညာချက်မှတဆင့် မြန်မာပြည်သူများသည် ခုံရုံးက ကနဦး စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်ရန် သို့မဟုတ် လက်ရှိစုံစမ်းစစ်ဆေးမှု၏ နယ်ပယ်ကိုချဲ့ထွင်ရန် များစွာ မျှော်လင့်ခဲ့ကြ ကြောင်း၊ တော်လှန်ရေး အင်အားစုများသည် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၈၅ မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ထူထောင်ထားကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်မည့် ထိရောက်သော ပိုင်နက်နယ်မြေ ထိန်း ချုပ် နိုင်မှုများ ရှိနေသည်ကို သက်သေပြလျက်ရှိပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်/မြန်မာအမှုနှင့်စပ်လျဉ်း၍ ဖမ်းဝရမ်းများ ထုတ်ပြန်နိုင်ရေးအတွက် အခြေခံဖြစ် သည့် စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်များတွင် တိုးတက်မှုများရှိနေသည်ကို မှတ်သားရကြောင်း၊ တိုးတက်မှုများကို ကြိုဆိုသည့်တိုင် တစ်ဖက်တွင်လည်း အဆိုပါ လုပ်ငန်းစဉ်အား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ၎င်းတို့အပေါ် အကြမ်းဖက်စစ်တပ်က ဆက်လက်ကျူးလွန်နေသော ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် အဓိပ္ပါယ်ရှိသည့် နိုင်ငံတကာအဆင့် တာဝန် ယူမှု၊ တာဝန်ခံမှု တစ်ရပ်ကို အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများမှာ သာမန် အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှုထက် များစွာကျော်လွန်၍ လူ့ဂုဏ်သိက္ခာနှင့် လူ့ ယဉ်ကျေးမှု စံနှုန်းများကို ဆိုးရွားစွာ ချိုးဖောက်သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သော ရာဇဝတ်မှုများပင် ဖြစ်၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထိုသို့သော ရာဇဝတ်ကောင် များကို အကာအကွယ် ပေးမည် ဆိုပါက ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုကို ထိခိုက်ပျက်ပြားစေရုံသာမက မြန်မာ ပြည်သူများ ဆက်လက်ခံ စားနေရသော ဒုက္ခများအတွက်ပါ တာဝန်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိအခြေအနေများအရ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပုဒ်မ ၁၂(၃) အရ ကြေညာပိုင်ခွင့် အပေါ် ဥပဒေကြောင်းအရ အလေးအနက်ထား စဉ်းစားသုံးသပ်သင့်ပါကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် ရောမစာချုပ်အရ ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ ၎င်းတို့၏ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ အရပ်သားပြည်သူများ အပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်မှု များကြောင့် အရပ်သားပြည်သူပေါင်း ၅,၈၈၆ ဦးကျော် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် များအပါအဝင် ပြည်သူပေါင်း ၂၁,၀၃၇ ဦးကျော်ကိုလည်း ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း၊ နေအိမ်ပေါင်း တစ်သိန်းကျော်မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နှင့် အခြားယုံကြည် စိတ်ချရသော နိုင်ငံတကာမှတ်တမ်းများအရ အရပ်သားပြည်သူများနှင့် စစ်သုံ့ပန်းများ ကို ညှဉ်းပန်း နှိပ်စက်ခြင်း၊ တမင်သတ်ဖြတ်ခြင်းအပါအဝင် စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေ သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ဆေးရုံဆေးခန်းများ၊ ယဉ်ကျေးမှုအမွေအနှစ် များ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကဲ့သို့ ကာကွယ်ပေးရမည့် နေရာများကိုလည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည့် ခိုင်လုံသော သက်သေအထောက် အထားများကိုလည်း တွေ့ရှိရပါကြောင်း၊ မကြာသေးမီက ဘုတလင်မြို့နယ်၌ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၂၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက် ရက် စက်စက် သတ်ဖြတ် ခဲ့ပြီး၊ သတ်ဖြတ်ခံရသူအချို့၏ ခန္ဓာကိုယ်ရုပ်အလောင်းများကို ရုပ်ပျက်ဆင်းပျက် ဖြတ်တောက် ကာ ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အရပ်သားများ၏ ခြံစည်းရိုးများတွင် ရည်ရွယ်ချက်ရှိရှိ ချိတ်ဆွဲထားခဲ့ပါကြောင်း၊ ထိုကဲ့သို့သော ရက်စက်ယုတ်မာမှုများမှာ သာမန် အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှုထက် များစွာကျော်လွန်၍ လူ့ဂုဏ်သိက္ခာနှင့် လူ့ ယဉ်ကျေးမှု စံနှုန်းများကို ဆိုးရွားစွာ ချိုးဖောက်သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများပင် ဖြစ်ပါကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် ရောမစာချုပ်တို့မှာ ဤကဲ့သို့ ကြီးလေးသော ရာဇဝတ်မှု များအား အရေးယူနိုင်ရန် ပြဋ္ဌာန်းတည်ထောင်ထားခြင်းဖြစ်ကြောင်း၊ နေ့စဉ်နှင့်အမျှ ထိရောက်သော အရေးယူမှု မရှိခြင်းက စစ်အုပ်စုကို အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမို ပြုလုပ်နိုင်ရန် ဖြစ်စေပြီး ပိုမို ဆိုးရွားလာသော အခြေအနေများကြောင့် ထပ်မံ အချိန်ဆိုင်းရန် မဖြစ်သင့်တော့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article