27 C
Yangon

ဖလမ်းမြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ပေါ်နေ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေရ

Must read

ဖလမ်းမြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ပေါ်နေ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၂

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ပေါ်နေ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနိုင်ခြေနှင့် ပတ်သက်ပြီး CNDF က ထုတ်ပြန်ပြောဆိုတာခြင်း မရှိသေးသောလည်း ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖလမ်းမြို့ပေါ်နေ ပြည်သူများ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရကြောင်း သိရှိရသည်။

ဖလမ်းမြို့ပေါ်တွင် နေထိုင်သော လူဦးရေ တစ်သောင်းဝန်းကျင်၏ ၉၀ ရာခိုင်နှုန်းကျော်သည် မြို့ပေါ်မှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖလမ်းမြို့ပေါ်၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ မြို့တွင်း၌ နှစ်ဘက်တပ်များ စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်မြစ်က ပြောဆိုသည်။

ဖလမ်းမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သည် ဖလမ်းမြို့ထဲကို သွားလာလေ့မရှိဘဲ ၎င်းတို့တပ်စွဲထားသော တပ်ကုန်းဝန်းကျင်၌သာ နေထိုင်နေရာမှ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့ အ.ထ.က ၁ တွင် နေရာယူတပ်စွဲရန် စစ်ကြောင်း ထွက်လာသောကြောင့် CNDF နှင့် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ပေါ်နေ အမျိုးသမီး ၁ ဦးနှင့် တောင်ယာလုပ်နေသည့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖလမ်းမြို့ပေါ်မှ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သော ကျည်ထိမှန်ပြီး အသက် ၃၈ နှစ်အရွယ် CDM ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖလမ်းမြို့ပေါ်တွင် ပစ်ခတ်မှုစတင်သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဒေသပြည်သူ ထက်ဝက်ကျော်သည် မြို့ပေါ်မှ တိမ်းရှောင်ခဲ့ရပြီး မြို့ထဲတွင် CDM ဆရာမ ကျည်ထိမှန်သေဆုံးပြီးနောက် ကျန်ရှိနေသူအားလုံးနီးပါး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဖလမ်းမြို့နယ်တွင် ပြည်သူများကို သတ်ဖြတ်လာခြင်းကြောင့် တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဖလမ်းမြို့နယ်ပြည်များအနေဖြင့် စစ်ရေး အခြေအနေကို သတိထားပြီး နေထိုင်ကြရန် CNDF က အောက်တိုဘာ ၉ ရက်နေ့က ထုတ်ပြန်တိုက်တွန်းထားသည်။

(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article