30 C
Yangon

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှ မြန်မာစစ်အုပ်စုကို ဖယ်ရှားရန် နိုင်ငံပေါင်း ၁၇ ခုသို့ အရပ်ဘက်အဖွဲ့ ၈၀ က တောင်းဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှ မြန်မာစစ်အုပ်စုကို ဖယ်ရှားရန် နိုင်ငံပေါင်း ၁၇ ခုသို့ အရပ်ဘက်အဖွဲ့ ၈၀ က စာပေးပို့ တောင်းဆိုလိုက်သည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး(ADMM )နှင့် ADMM Plus ဆက်စပ် အစည်းအဝေးများမှ စစ်အုပ် စုအား ဖယ်ရှား၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရေးအတွက် အရပ်ဘက်အဖွဲ့အစည်း ၈၀ ခုက လာအို၊ ဩစတြေးလျ၊ ဘရူနိုင်းဒါရူစလမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ လာအို၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများနှင့် ထိပ်တန်းတာဝန်ရှိသူများကို စာပေးပို့လိုက်ခြင်းဖြစ်သည်။

လာအိုနိုင်ငံ၌ မကြာမီကျင်းပမည့် ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်း အဝေး (ADMM) နှင့် (၁၁) ကြိမ်မြောက် ADMM Plus နှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာ ပြည်သူများ၏ ဒီမိုကရေစီနည်းကျကိုယ်စားပြုမှု ရရှိစေရန်၊ အဆိုပါအစည်းအဝေးများ၊ နောင်တွင်ကျင်းပမည့် ADMM နှင့် ADMM Plus အစည်းအဝေးများ၊ လှုပ်ရှားမှုများမှ မြန်မာစစ်အုပ်စုအဖွဲ့ဝင်များကို ဖယ်ရှားရန်၊ ADMM နှင့် ADMM Plusအတွင်း မြန်မာနိုင်ငံကိုယ်စား လက်ရှိရယူထားသည့် တရားဝင် ရာထူးတာဝန်များအားလုံးမှ စစ်အုပ်စုအဖွဲ့ဝင်များအား ဖယ်ရှားရန်၊ ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုများမှ မြန်မာစစ်တပ်အား ဖယ်ရှားခြင်းမပြုပါက မြန်မာစစ်တပ် ပါဝင်တက်ရောက်မည့် ADMM နှင့် ADMM Plus လှုပ်ရှားဆောင်ရွက်မှုအားလုံးသို့ တက်ရောက်ရန်ငြင်းဆိုမှုကို လူသိရှင်ကြားလုပ်ဆောင်ရန် အာဆီယံအဖွဲ့ဝင် အစိုးရများနှင့် ဆွေးနွေးဖက်မိတ်ဖက်နိုင်ငံ အစိုးရများကို အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။

အကြမ်းဖက် မြန်မာစစ်တပ်မှာ မြန်မာပြည်သူများကို ပြည်ပခြိမ်းခြောက်မှုအန္တရာယ်များမှ ကာကွယ်ပေးသည့် အရပ်ဘက်ထိန်းချုပ်မှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ကြောင်းကို အလေးထား ထောက်ပြလိုကြောင်း၊ အာဏာသိမ်းကြိုးပမ်းမှုလုပ်ဆောင်လျက်ရှိသည့် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း၊ စစ်အုပ်စုက မြန်မာစစ်တပ်အတွင်းမှ ဖွဲ့စည်းထားသည့် တရားမဝင်ရာဇဝတ်အဖွဲ့အစည်းတစ်ရပ် ဖြစ်ကြောင်း၊ စစ်အုပ်စုသည် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ်မဟုတ်သည့်အတွက် စစ်အုပ်စုက ခန့်အပ်သူများသည် အာဆီယံအစည်းအဝေးများနှင့် လှုပ် ရှားဆောင်ရွက်မှုအားလုံးတွင် မြန်မာပြည်သူများအား ကိုယ်စားပြုရန် တရားမဝင်မှု မရှိကြောင်း အရပ်ဘက်အဖွဲ့များ ဆိုသည်။

အာဆီယံအနေဖြင့် စစ်အုပ်စုကိုယ်စားလှယ်များကို မြန်မာနိုင်ငံကိုယ်စားပြု၍ အစည်းအဝေးများတွင် တက်ရောက်ခွင့်၊ ADMM Plus စစ်ရေးသင်တန်းအစီအစဉ်များတွ၍ ပါဝင်ခွင့်၊ ဦးဆောင် ညှိနှိုင်းရေးအခန်းကဏ္ဍတွင် ဆောင်ရွက်ခွင့်များ ခွင့်ပြုပေးခြင်းသည် စစ်အုပ်စုအကို မှားယွင်းသည့်တရားဝင်မှု ပေးအပ်ခြင်းဖြစ်ပြီး၊ မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုကို တိုက်ရိုက်ကူညီနေခြင်းဖြစ်သည်။ အဆုံးစွန်အားဖြင့် ယင်းသည် စစ်အုပ်စုအား ၎င်းတို့၏ နိုင်ငံကို အပြည့်အဝထိန်းချုပ်နိုင်ရေး တရားမဝင်ကြိုးပမ်းမှုကို ကူညီပေးရုံသာမက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း၊ မြန်မာစစ်အုပ်စုအား ဆက်လက်ပံ့ပိုးကူညီနေမှုသည် မြန်မာနိုင်ငံအတွင်း လက်ရှိတင်းမာမှုများကို မီးထိုးလောင်မြိုက်စေသည့်အပြင် သံခင်းတမန်ခင်းနှင့် စေ့စပ်ညှိနှိုင်းရေး အတွက် အာဆီယံ၏ ယုံကြည်ထိုက်မှုကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း အရပ်ဘက်အဖွဲ့များက ဆိုကြသည်။

စစ်အုပ်စုက အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်တွင် ဖော်ပြထားသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ရမည့်အရာများကို လုပ်ဆောင်ခဲ့ခြင်းမရှိ သို့မဟုတ် တိုးတက်မှု တစုံတရာ မရှိခဲ့ကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့သည့် နောက် ပြီးခဲ့သည့် သုံးနှစ်ခွဲကာအတွင်း စစ်တပ်သည် ပြည်သူပေါင်း ၅,၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ သတ်ဖြတ်ခံရသူများတွင် ကလေးသူငယ် ၆၀၀ ကျော် ပါဝင်ကြောင်း၊ ပြည်သူပေါင်း ၂၇,၅၀၀ ကျော်အား ဖမ်းဆီးခဲ့ပြီး၊ ပြည်သူပေါင်း ၂၁,၀၀၀ ကျော်သည် အကျဉ်းကျဆဲ ဖြစ်ကြောင်း ဝေဖန်ထောက်ပြထားသည်။

စစ်တပ်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများ၊ အဆင်ခြင်မဲ့ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး အမြှောက်များဖြင့် ပစ်ခတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မဖြစ်တည်မှုဆိုင်ရာအကြမ်းဖက်မှုများ၊ အစု လိုက်အပြုံလိုက် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြောင်း၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အာဆီယံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံအား မပေးအပ်ရန်နှင့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် ထိပ်သီးဆွေးနွေးပွဲများမှ စစ်အုပ်စုအားဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် မြန်မာပြည်သူများကို ၎င်းတို့၏ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ကသာ ကိုယ်စားပြုစေရန်အတွက် အာဆီယံအနေဖြင့် လေးနက်သည့် လုပ်ဆောင်ချက်များ ဆက်လက် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသည်။ ရွေးကောက်တင်မြှောက်ထားသော အစိုးရမှ ကိုယ်စားပြုခွင့်ပေးရန် လိုအပ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်အုပ်စုအား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မပြုသည့် ဆုံးဖြတ်ချက်နှင့် ကိုက်ညီမည်ဖြစ်ကြောင်း၊ ယခုတောင်းဆိုချက်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တင်ပြခဲ့သည့် စိုးရိမ်ပူပန်မှုများကိုလည်း ပဲ့တင်ထပ်စေကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အာဆီယံ အစည်းအဝေးများတွင် မြန်မာစစ်အုပ်စု၏ ဝန်ထမ်းများအား တက်ရောက်ခွင့်မပြုရန် အကြံပြုထားကြောင်း၊ ထို့အပြင် “စစ်အုပ်စု ဝန်ထမ်းများအား ဖိတ်ကြားခြင်းကို ပြန်လည် မရုတ်သိမ်းပါက အစည်းအ၀ေးမတက်ရောက်ကြရန်” အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုထားကြောင်း သိရှိရသည်။

ထို့ပြင် အထူးကိုယ်စားလှယ်က “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာပြည်သူများ၏ဆန္ဒကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ ၏ တရားဝင် အစိုးရဖြစ်ကြောင်း မှာယွင်းသောအဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်” တိုက်တွန်းထားကြောင်း၊ နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆောင်ရွက်သည့်အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ အဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံးအတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (EROs) များကို အဓိက stakeholder များအဖြစ်လည်းကောင်း အသိအမှတ်ပြုရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article