32 C
Yangon

ပုလဲတွင် စစ်တပ်က စစ်ရှောင် ပြည်သူများကိုပါ လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်၍ ပြည်သူ ၁၀ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရ၊ သောင်းနှင့်ချီသော စစ်ဘေးရှောင်များ အရေးပေါ် စားနိပ်ရိက္ခာများလိုအပ်နေ

Must read

■ မြို့ပေါ်ကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေပြီး ဘုတလင်တွင် ပြည်သူ ၂၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းကို ရဟတ်ယာဉ်ဖြင့် အင်အား ထပ်မံဖြည့်တင်းထား

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်တပ်က စစ်ရှောင် ပြည်သူများကိုပါ လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်၍ ပြည်သူ ၁၀ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရပြီး သောင်းနှင့်ချီသော စစ်ဘေးရှောင်များ အရေးပေါ် စားနိပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ပုလဲမြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ပုလဲမြို့ပေါ်မှ ပြည်သူများနှင့် ကျေးရွာ ၁၁ ရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်က ပုလဲမြို့ပေါ်နှင့် ကျေးရွာများကို လေကြောင်းဖြင့် ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်ထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၍ ထိခိုက်ဒဏ်ရာရရှိမှု စာရင်း အတိအကျနှင့် ပြည်သူများ သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“အဓိကလိုအပ်ချက်ကတော့ ဆန်၊ ဆီ၊ ရိက္ခာခြောက်နှင့် ဆေးဝါးတို့ အဓိက လိုအပ်ပါတယ်။ ပြည်သူတွေ ထိခိုက်မှု အခြေအနေတော့ အခုထိတော့ စာရင်းတိတိကျကျ မရသေးပါဘူး။ ဒဏ်ရာရရှိတာ ပြည်သူ ၁၀ ဦး အထက်မှာတော့ ရှိမယ်။ မနေ့က ညနေ ၄ နာရီ ၃၅ မိနစ်မှာ စက်လက် တပ်ဆင်ထားသော နမခ က တက်လာတဲ့ Mi-35 ၁ စီးက ပုလဲမြို့အပြင် ပြည်သူများ နေထိုင်တဲ့ ကျေးရွာများပေါ်ထိ လေကြောင်းပစ်ခတ်မှုပြုလုပ်နေတာပါ။ လက်ရှိမှာ စစ်ရှောင်ပြည်သူဦးရေဟာ ၁၀၀၀၀ ကျော်ထိ တိုးမြင့်လာခဲ့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်နေပါတယ်” ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်လေးရှောင် ဦးရေသည် လက်ရှိချိန်တွင် ပိုမိုများပြားလာသည့် အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ပုလဲမြို့ပေါ်ကို လေကြောင်းဖြင့် ယနေ့ နံနက် အစောပိုင်းမှ စတင်၍ ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး ဘုတလင်းမြို့နယ်အတွင်း အရပ်သားပြည်သူ ၂၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို ရဟတ်ယာဉ်ဖြင့် ထပ်မံ အင်အားဖြည့်တင်းထားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ဘုတလင်မြို့ပေါ်မှ ထွက်လာပြီး နမခကို စစ်ကား ၄ စီးဖြင့် ရောက်ရှိပြီးနောက် ပုလဲမြို့ကို Mi-17 ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ထားခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် မြေပြင်တွင တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။

“မြေပြင်ကနေလည်း ဘုတလင်နယ်ဘက်က စစ်ခွေးတွေကို Mi17 နဲ့ ၄ ခေါက်သယ်ပြီး ပုလဲမြို့ပေါ်ကို ချပေးထားတယ်လို့ သိရတယ်။ မြေပြင်အခြေအနေကတော့ လက်ရှိ ရှုပ်ထွေးနေတုန်းပဲ လေကြောင်းကလည်း အခုထိ မနားတမ်း လာကျဲနေတယ်။ စစ်ခွေး အင်အား ၂၀၀ နီးပါးအထိ မြေပြင်ထပ်ချထားတယ်။ ဘုတလင်ဘက်မှာ မီးရှို့ လူသတ်နေတဲ့ စစ်ကြောင်းကို ပုလဲဘက်ချပေးတာ မနေ့က နမခ ကနေ ကားကြီး ၄ စီးနဲ့ ဘုတလင်ကထွက်လာတဲ့စစ်ခွေးတွေကို လာကြိုပီး နမခကို ဝင်သွားတယ်။ ဒီနေ့ နမခကနေ Mi17 နဲ့ ၄ခေါက်သယ်ပြီး ပုလဲဘက်ချပေးတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article