24 C
Yangon

ထိုင်းစစ်တပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေဆုံးခဲ့သည့်အမှုတွင် ထိုင်းစစ်သားများကို အရေးမယူသဖြင့် သမာသမတ်ကျ စုံစမ်းစစ်ဆေးအရေးယူရန် Fortify Rights အဖွဲ့ တောင်းဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ထိုင်းစစ်တပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေဆုံးခဲ့သည့်အမှုတွင် ထိုင်းစစ်သားများကို အရေးမယူ သည့်အပေါ် သမာသမတ်ကျ စုံစမ်းစစ်ဆေးအရေးယူမှုများ လုပ်ဆောင်ရန် Fortify Rights အဖွဲ့ က ထိုင်းအစိုးရကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီခန့်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက် (Mae Sot) ခရိုင်၊ တာ့ခ် (Tak) ပြည်နယ်၊ ရိုင် ၇၀ ဝန်းကျင် သစ်သားတံတားငယ်တစ်ခုအနီးတွင် ထိုင်းစစ်သားလေးဦးက မြန်မာနိုင်ငံသား ကိုအောင်ကိုကိုကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ထိုင်းစစ်သားသုံးဦးက ကိုအောင်ကိုကိုကို သစ်သားတုတ်ရှည်ဖြင့် ပြင်းထန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း၊ သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာများ ရရှိကာ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတစ်ဝိုက်နှင့် နှာခေါင်းတို့တွင် ညိုမဲဒဏ်ရာများ ရှိနေကြောင်း၊ ၎င်း၏ နောက်ကျောတစ်ခုလုံးနီးပါး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့်အပြင် ၎င်း၏ ညာဘက် တံတောင်ဆစ်တွင် တစ်လက်မခန့် နက်ရှိုင်းသော ပြတ်ရှဒဏ်ရာရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသား ကိုအောင်ကိုကို သည် ငှက်ဖျား ရောဂါ အခံကြောင့် မြန်မာနိုင်ငံ မြ၀တီဖက်တွင် ဆေးခန်းသွားပြပြီး မဲဆောက်သို့ ပြန်လာချိန်တွင် စစ်ဆေးရေးဂိတ်မှ ထိုင်းစစ်သားများက ခေါ်ယူထိန်းသိမ်းပြီး ရိုက်နှက် စစ်ဆေးရာမှ လက်လွန် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုင်းစစ်တပ်က သတ်ဖြတ်လိုက်သော မြန်မာနိုင်ငံသား အောင်ကိုကိုသည် ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်များက စီစဉ်လေ့ကျင့်သင်ကြား ပေးထားသည့် ရပ်ရွာလူထုအခြေပြု လုံခြုံရေးတပ်ဖွဲ့ ချော်ရော်ဘော် (Chor Ror Bor) ၏ စေတနာ လုပ်သားဟောင်း တစ်ဦးဖြစ်ကြောင်း၊ ထိုင်းစစ်သားများက အောင်ကိုကိုအနေဖြင့် ထိုင်းများသာ ဝတ်ဆင်လေ့ရှိသော ချော်ရော်ဘော် (Chor Ror Bor) အပေါ်ထပ်အင်္ကျီဝတ်ထားသောကြောင့် အစပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက Fortify Rights သို့ပြောဆိုကြသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းတရားရုံးက စေတနာ့ဝန်ထမ်း မြန်မာတစ်ဦးဖြစ်သော စီရာချက်ကို အောင်ကိုကို အသတ်ခံရမှုတွင် ကြံရာပါအဖြစ် ထောင်ဒဏ် ၃ နှစ်နှင့် လေးလ ချမှတ်ခဲ့ကြောင်း၊အောင်ကိုကိုကဲ့သို့ပင် စီရာချက်သည် ဒေသခံ ချော်ရော်ဘော် (Chor Ror Bor) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

“စီရာချက်ရဲ့ပြစ်ဒဏ်ကျမှုက လွဲမှားနေတဲ့ တရားစီရင်မှုတစ်ခုပါ။ လက်ရှိမှာ ရထားတဲ့ အထောက်အထားတွေအရ အနည်းဆုံး စစ်သားသုံးယောက်က အကြမ်းဖက်နှိပ်စက်မှုရာမှာ ပါဝင်နေခဲ့တာကြောင့် အောင်ကိုကို သေဆုံးခဲ့ရပေမယ့် စီရာချက်မှာ အသုံးချခံရပြီး သူတို့လုပ်ရပ်အတွက် ထောင်ထဲမှာ ပြစ်ဒဏ် ခံစားနေရတယ်။”ဟု Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောကြားသည်။

ထိုင်းစစ်တပ်မှ စစ်သားများက ထိုင်း-မြန်မာနယ်စပ်အနီးတွင် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကိုအား ဖမ်းဆီး၍ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သော်လည်း ထိုင်းအာဏာပိုင် များက အခြားမြန်မာလူမျိုး တစ်ဦးအား လူသေစေမှုဖြင့် အရေးယူကာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ၊ထိုင်းအစိုးရအနေဖြင့် အောင်ကိုကိုကို ထိုင်းစစ်သားများက သတ်ဖြတ်မှုအတွက် စေ့စပ်မြန်ဆန် သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း၊ ကျူးလွန်သူများဖြစ်သော ထိုင်းစစ်သားများ အပေါ် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်ကြောင်း Fortify Rightsက ဝေဖန်ထောက်ပြသည်။

“အောင်ကိုကိုရဲ့ ကြောက်မက်ဖွယ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှုဟာ မဖြေရှင်းဘဲ ထားလို့မရ ပါဘူး။ တိုက်ရိုက်တာဝန်ရှိတဲ့ တရားခံစစ်သားတွေကို နှောင့်နှေးမှုမရှိဘဲ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သင့်ပါတယ်။ အောင်ကိုကို သတ်ဖြတ်ခံရမှုမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်နေမှုက လက်ရှိမှာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့နေပေမယ့် ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီအခြေအနေကို ပြောင်းလဲ ပစ်နိုင်ပြီး (ပြစ်မှုကျူးလွန်သူတွေ) ပြစ်ဒဏ်ကျခံရခြင်းမှ ကင်းလွတ်ခွင့်မရှိအောင် တားဆီးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အစီရင်ခံစာဟာ ဒီကိစ္စရပ်မှာ အာဏာပိုင်တွေဘက်က တရားမျှတမှု ရှိစေဖို့ ဆောင်ရွက်ရာတွင် ကူညီပေးနိုင်အောင် ရည်ရွယ်ခြင်းဖြစ်ပါတယ်။”” ဟု Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောကြားသည်။

Fortify Rights က ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုင်းစစ်တပ်မှ စစ်သားများက မြန်မာနိုင်ငံသား ကိုအောင်ကိုကို စစ်ကြောရေး လုပ်ခဲ့ပုံနှင့် ညှဉ်းပန်းရိုက်နှက်သတ်ဖြတ်ပုံများကို အသေးစိတ် ဖော်ပြထားသည်။

“အောင်ကိုကိုက သူတို့မေးတာတွေကို ပြန်ဖြေလို့လည်း ပြီးရော ခေါင်းဆောင် [ထိုင်းစစ်သား] က ကျွန်တော်တို့ရှေ့မှာတင် အောင်ကိုကိုရဲ့ ကျောကုန်းနဲ့ ခြေထောက်တွေကို ဝါးရင်းတုတ်နဲ့ အချက်ပေါင်းမနည်း အားထည့်ပြီး ရိုက်တာ ဝါးရင်းတုတ်ကျိုးပါ ကျိုးတဲ့အထိပဲ။ ပြီးတော့ အရှည် ၁.၅ မီတာ (၅ ပေ နီးပါး) လောက်ရှိတဲ့ နောက်ထပ်တုတ်ချောင်းရှည်နဲ့ အောင်ကိုကိုကို အဲ့တုတ်ပါ မကျိုးမချင်းအထိကို ဆက်ရိုက်တယ်” ဟု မျက်မြင်သက်သေများစွာထဲမှ တစ်ဦးဖြစ်သော M.L (အမည်လွှဲ)က ပြောဆိုသည်။

၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၉ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထိုင်းနိုင်ငံကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် အဖွဲ့ဝင်အသစ် ရွေးချယ်တင်မြှောက်ခဲ့ကြရာ ကိုအောင်ကိုကို သေဆုံးမှုအတွက် တရားမျှတမှု ရရှိစေရန် ဆောင်ရွက်သင့်သည်ဟု Fortify Rights က ထောက်ပြသည်။

“လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်အသစ်အနေနဲ့ ထိုင်းနိုင်ငံရဲ့ခေါင်းဆောင်တွေမှာ လူ့အခွင့်အရေး ကို ကာကွယ်ဖို့ ကြီးမားတဲ့တာဝန်ရှိပါတယ်။ အောင်ကိုကိုကို သတ်တဲ့ လူသတ်သမားအစစ်အမှန်တွေကို တရားမျှတမှုရှိအောင် ဆောင်ကျဉ်း ပေးခြင်းဟာ နိုင်ငံအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားနေရတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။”ဟု Fortify Rights က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article