26 C
Yangon

ရွှေဘိုတွင် စစ်တပ်က အသက်မပြည့်သေးသည့် ကလေး ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကိုဖမ်းဆီးပြီး ကားပါ သိမ်းယူ ငွေညှစ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အသက်မပြည့်သေးသည့် ကလေး ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီး ပိုင်ဆိုင်သော ကားကိုပါ သိမ်းယူငွေညှစ်နေကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ကြက်သားသည် ဒေါ်မြင့်မြင့်နှင့် တူဖြစ်သူတို့သည် ရွှေဘိုမြို့အရှေ့မြောက်ဖက်ရှိ ကြက်ခြံများမှ ကြက်သားများ သယ်ယူပြီး အပြန် အကြမ်းဖက်စစ်တပ်၏ လှည့်ကင်းနှင့် တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ဒေါ်မြင့်မြင့်နှင့် တူ ဖြစ်သူတို့ကို ဖမ်းဆီးကာ ကားကိုပါ စစ်တပ်က ယူဆောင်သွားကြောင်း၊ အလားတူ ရွှေဘိုမြို့၊ ဆုတောင်းပြည့်ကွေ့တွင်လည်း ချီပါကျေးရွာမှ အသက် ၁၃ နှစ်ရွယ် ယောင်္ကျားလေး ၂ ဦးနှင့် အသက် ၁၄နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ဖမ်းသွားတဲ့ ဒေါ်မြင့်မြင့်တို့က စကစအထိုင်စခန်းရှိတဲ့ ပလိုင်ရွာကနေ စစ်ရှောင်ရင်း​ရွှေဘိုနယ်မှာ ကြက်သားဖြန့်ဖြူးရောင်းဝယ်ရေးလုပ်နေတဲ့ ကြက်သားဒိုင်တစ်ဦးပါ။ ဖမ်းသွားခံရသူတွေနဲ့ အဆက်အသွယ်မရဘူး။ သူ့ကားပါ စစ်တပ်က သိမ်းသွားတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ရွှေဘိုနယ်အတွင်း ပြည်သူများကို ဖမ်းဆီး ခြိမ်းခြောက်ငွေညစ်မှုများ နေ့စဥ်လိုလို လုပ်ဆောင်နေေကြောင်း၊ စစ်ဆေးရေးဂိတ်များဖြင့်လည်းကောင်း၊ လှည့်ကင်းဖြင့်လည်းကောင်း စစ်တပ်က လှည့်လည်ပြီး ပြည်သူများ ဖမ်းဆီးငွေညှစ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဖုန်းမပါတော့လည်း ဒီခေတ်ကြီးထဲဖုန်းမကိုင်လို့ဆိုပြီး စစ်သားတွေက မာန်မဲတယ်။ ဖုန်းပါတော့လည်း ဘယ်ကိုအများဆုံးဆက်လဲ မေးတယ်။ လိုင်းသုံးသလား သုံးရင် ဘယ်ကို ထောက်ပို့လုပ်တာလဲဆိုပြီး ရစ်မေးတယ်။ ဘာမှ ပြစ်ချက် မတွေ့ ရင်လည်း ယာဥ်လိုင်စင်အကြောင်း ပြချက်နဲ့ ကား ဆိုင်ကယ်တွေက်ို မော်ဒယ်အနိမ့်မြင့်ပေါ် ကြည့်ပြီး ၃ သိန်းကနေ ၁၅သိန်းအထိ ငွေညစ်တယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရွှေဘိုမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ် အပြင် ပျူစောထီးများနှင့် ဒေသ ပြည်သူ့စစ်များကလည်း အကြောင်းအမျိုးမျိုးပြ၍ ပြည်သူများကို ဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ရွှေဘို မြို့ပေါ်တွင် စစ်တပ်၊ ပျူစောထီးနှင့် ပြည်သူ့စစ်များက စိုးမိုးထားပြီး ကျေးရွာများတွင် တော်လှန်ရေးတပ်များက စိုးမိုးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်၏ မြို့အဝင်စစ်ဆေးရေးဂိတ်တစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article