24 C
Yangon

AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရခိုင်ပြည်တွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရေးအတွက် တရုတ်နှင့် စစ်ကောင်စီတို့ ပူးတွဲဆောင်ရွက်သည့် လုံခြုံရေးအဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်းက ဦးဆောင်ပြီး တရုတ်လုံခြုံရေးများ၊ နည်းပညာရှင်များပါဝင်ဖွဲ့စည်းထားကြောင်း သိရှိရသည်။

ယခုနိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် တရုတ်တို့ပါဝင်သော လုံခြုံရေးအဖွဲ့ကို ပူးတွဲ ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းနှင့် တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များ၊ တရုတ်နည်းပညာရှင်များပါ ပါဝင်ကြောင်း သိရှိရသည်။

“ကျောက်ဖြူစီမံကိန်းအတွက် နှစ်ဖက် လုံခြုံရေးအဆင့်မြှင့်နေပြီ။ SEZ ဥက္ကဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပါတယ်။ တရုတ်ပညာရှင်တွေနဲ့ မြန်မာလုံခြုံရေးကုမ္ပဏီတွေလည်း ပါဝင်တယ်။ လုပ်ငန်း လည်ပတ်နေတဲ့ နည်းပညာတွေကို ဝင်ရောက် တားဆီးမရနိုင်အောင် အဆင့်မြှင့်တင်တာတွေလည်း လုပ်နေတယ်။ ရန်သူက အလွယ်တကူ ထိုးဖောက် မဝင်ရောက်နိုင်ဖို့ ကျောက်ဖြူစီမံကိန်း လုံခြုံရေးအတွက် အမြန်လုပ်နေတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။

ယခုနိုဝင်ဘာလဆန်းပိုင်းတွင် စစ်ကောင်စီနှင့် တရုတ် တို့အကြား အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေးအတွက် လုပ်ငန်းကော်မတီတရပ်ကိုတည်ထောင်ပြီးနောက် ကျောက်ဖြူစီမံကိန်းအတွက် စစ်ကောင်စီနှင့် တရုတ်ပူးပေါင်းထားသော လုံခြုံရေးအဖွဲ့ ချက်ချင်းဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျောက်ဖြူစီမံကိန်းအတွက် တရုတ်နှင့်စစ်ကောင်စီ ပူးတွဲထားသည့် လုံခြုံရေး ကုမ္ပဏီမှာ AA ၏ ထိုးစစ်ကို အဓိက တန်ပြန် ခုခံရန်ဖြစ်ပြီး ကျောက်ဖြူ စီမံကိန်းနှင့်ပတ်သက်သော အကျိုးစီးပွားများအားလုံးကို ကာကွယ်ရန်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူ စီးပွားရေးဇုန် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကျော်ရွှေထွန်းမှာ လက်ရှိတွင် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးတာဝန်ကို ထမ်းဆောင်နေသော ရေတပ် ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်း ၎င်းကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ဥက္ကဌအဖြစ် စစ်ကောင်စီက ခန့်အပ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် AA က ရခိုင်ပြည်နယ်နှင်ပလက်၀ရှိ မြို့နယ် ၁၂ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသော မြို့နယ်များကို ဆက်လက် တိုက်ခိုက်နေကာ စစ်ကောင်စီတပ်များအားလုံးကို တိုက်ထုတ်မည်ဖြစ်ကြောင်း တရားဝင် စစ်ကြေညာထားသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းအကောင် အထည် ဖော်ရေး နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့စဉ်က မြင်တွေ့ရသည့် ဗိုလ်ချုပ်ကျော်ရွှေထွန်းနှင့် တရုတ်တာဝန်ရှိသူတစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းအကောင် အထည် ဖော်ရေး နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့စဉ်က မြင်တွေ့ရသည့် ဗိုလ်ချုပ်ကျော်ရွှေထွန်းနှင့် တရုတ်တာဝန်ရှိသူတစ်ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article