စစ်ကောင်စီနှင့် ရှမ်းနီ တပ်စခန်း ၄ ခုထက်မနည်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး KPDF ၂ ဦးကျဆုံး
ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီနှင့် ရှမ်းနီ တပ်စခန်း ၄ ခုထက်မနည်းကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီနှင့်ရှမ်းနီ SNA တို့၏ ရွှေတွင်းလမ်းဆုံစခန်း၊ ပန်ချယ်ကုန်းနှင့် မန်းစိမ်းချောင်းဖျားစခန်းတို့ကို သိမ်းပိုက်ရရှိကြောင်း၊ ထို့ပြင် ဆယ်ဇင်းတစ်ဖက်ကမ်းရှိ စစ်ကောင်စီနှင့် SNA၏ ဆိုင်ပန်ကုန်း ပင်မတပ်စခန်းကိုလည်း သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
“ကချင်ပြည်နယ် ဆယ့်ဇင်းတစ်ဖက်ကမ်းမှာရှိတဲ့ စိုင်းပန်ကုန်း ပင်မစခန်းရပြီ။ ကချင်ဘက်အခြမ်းမှာဆိုရင် ပန်ချယ်ကုန်း၊ ရွှေတွင်းလမ်းဆုံ
မန်းစိမ်းချောင်းဖျားစခန်းကိုလည်း သိမ်းပိုက်ရရှိပါတယ်။ ဆိုင်ပန်ကုန်းက မနေ့က အထိ ဝိုင်းရံပိတ်ဆို့ထားတာ၊ ဒီမနက်ရသွားတယ်ပြောတယ်လို့ သိရတယ်။ မနေ့က ညနေ့ ၄ နာရီ လေယာဉ်ပစ်ကူ နှစ်ကြိမ် လာပြီး ဒုက္ခပေးသွားသေးတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ဆယ်ဇင်းဒေသမှ စခန်းသိမ်းတိုက်ပွဲများတွင် KPDF ၂ ဦးကျဆုံးခဲ့ရကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနှင့်လက်နက်ခဲယမ်းရရှိမှုကို စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
” နိုဝင်ဘာလ ၁၅ ရက်နေ့ ဆယ့်ဇင်း ၊ တစ်ဖက်ကမ်း ဆိုင်ပန်ကုန်းတိုက်ပွဲမှာ KPDF အောင်ချစ်ထက် ( ခ ) နားကွင်း အသက် ၂၇ နှစ် ကျဆုံးပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ဖို့ ပါဝင်ရင်း ကျဆုံးခဲ့ရတာပါ။ စုစုပေါင်း KPDF ၂ ဦး တိုက်ပွဲတွေမှာ ကျဆုံးပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။
KIA တပ်မဟာ ၉ နယ်မြေအတွင်းရှိ တာမခန်၊ ဆိုင်းတောင်နှင့် ဆယ်ဇင်းဒေသတချို့တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ ကင်းစင်သွားပြီဖြစ်ကြောင်း သိရှိရသည်။