ရန်ကုန်၊ နိုဝင်ဘာ ၂၁
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင်၊ အမ်းဘက်သို့ စစ်ကူသွားသည့် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA- Magway) မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အင်အား ၄၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA- Magway) က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့် ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် စစ်သား ၉ ဦးသေဆုံးကြောင်း၊ အခြား စစ်သား ၁၀ ဦးခန့်မှာလည်း ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းမှာ အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် – လက်အောက်ခံတပ်များနှင့် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်း သင်တန်းဆင်း တပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီစစ်ကြောင်းက ရခိုင်ဘက်ကို ပို့မယ်လို့ ပြောလို့ရပါတယ်။ ရခိုင်ဘက်ကို ပို့တဲ့ ယာဉ်တန်းတွေကို လုံခြုံရေးယူတဲ့တပ်ဖွဲ့ဝင်တွေနဲ့ ကားပျက်လို့ ကျန်ခဲ့တဲ့ သူတွေနဲ့ စုပေါင်းပြီးတော့ ဂုတ်ကြီးဘက်ကို တက်လာတဲ့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဘက်နဲ့ပတ်သက်လို့ ဖြည့်စွက်ပြီးပြောရမယ်ဆိုရင် ရခိုင်ဘက်ကို တက်မယ့် ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကားတွေမှာ Jammer ပါတော့ ရီမုတ်မိုင်းတွေက မကွဲခဲ့ဘူး။ မကွဲခဲ့လို့ ယာဉ်တန်းကို လုံခြုံရေးယူတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကားပျက်လို့ ကျန်ခဲ့တဲ့ စစ်ကြောင်းတွေကို နောက်တစ်နေရာကနေ ခြုံခိုပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA- Magway)မှ ပြန်ကြားရေးတာဝန်ခံက ရှင်းလင်းပြောဆိုသည်။
လက်ရှိတွင် ငဖဲမြို့နယ်၊ ပဒါန်း-အမ်းလမ်းပိုင်း ထိန်းချုပ်ရေးအတွက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA- Magway)က ရှေ့ပြေး လှုပ်ရှားမှုများအဖြစ် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
အကြမ်းဖက်စစ်ကောင်စီက အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် လေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကူအင်အားများ ကြိုးစား ဖြည့်တင်းလျက်ရှိသော်လည်း အများစုသော တပ်စခန်းများနှင့် တပ်ရင်းများကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar