ရန်ကုန်၊ နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောရွာတွင် ဆိုင်ကယ်ဖြင့် ဈေးလိုက်ရောင်းသည့် စျေးသည် ၁ ဦးနှင့် ဈေးဝယ်ထွက်သည့် ပြည်သူ ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း တုံးဗျောရွာနှင့် ငါးရံ့အင်းရွာ အကြား ဈေးဝယ်ပြီး ဆိုင်ကယ်ဖြင့် ပြန်လာသည့် ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း တုံးဗျောရွာအနီး ဆိုင်ကယ်ဖြင့် ဈေးလာရောင်းသည့် ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထပ်မံ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေက ရိက္ခာတွေသယ်ပြီးတော့ တော်လှန်ရေး တပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုပြီးတော့ အဲလိုပုံစံမျိုးနဲ့ သူတို့က ပစ်သတ်လိုက်တာပေါ့။ ပစ်သတ်ခံရသူ ၂ ဦးလုံးက မြိတ်မြို့ဒေသခံ ပြည်သူတွေပါပဲ။ စစ်တပ်က လောလောဆယ် အဲဒီနေရာကို ဘယ်သူ့မှ ပေးမဝင်ဘူး။ လုံခြုံရေးတွေ အပြည့် ချထားတယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ က ဆက်လက် ပြောဆိုသည်။
မြိတ်မြို့နယ်၊တုံးဗျောကျေးရွာအုပ်စုသို့ အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar