28 C
Yangon

NUG အနေဖြင့် အဝေးရောက် အစိုးရ မဖြစ်စေရေး မြန်မာနိုင်ငံ ပြင်ပရောက်ရှိနေသည့် အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းသို့ ပြန်လာရန် ယာယီသမ္မတ ညွှန်ကြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ- NUG အနေဖြင့် အဝေးရောက် အစိုးရ မဖြစ်စေရေး မြန်မာနိုင်ငံပြင်ပရောက်ရှိနေသည့် အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းသို့ ပြန်လည်လာရောက်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆို ညွှန်ကြားလိုက်သည်။

ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၂၈ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီ သမ္မတက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

တော်လှန်ရေးအတွက် လိုအပ်နေသည့် အင်အားသည် ပြည်တွင်းတွင်သာ အခြေစိုက်ရမည်ဖြစ်ကြောင်း၊ NUG အစိုးရ အနေ ဖြင့် အဝေးရောက် အစိုးရ ဖြစ်၍ မရကြောင်း၊ လက်တွေ့ကျကျ မြေပြင်တွင် အင်အား တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ဝင်အားလုံး ပြည် တွင်းတွင် အင်အား လာစုကြရန် လက်တွေ့ကျကျ လုံလ စိုက်ထုတ်ဝေချင်ကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် အချိန်ယူသင့် သလောက် ယူပြီးဖြစ်ကြောင်း သမ္မတက ပြောဆိုသည်။

“သတိချပ်ဖို့ လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ – ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး – အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိံလည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင် များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်။ ” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြား တိုက်တွန်းသည်။

ထို့ပြင် နွေဦးတော်လှန်ရေးအနေဖြင့် လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေး ဖြစ်သဖြင့် ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွား၍ မရတော့ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်သကဲ့သို့ ၂၀၃၀ ခန့်အထိလည်း တွက်ချက် ချိန်ဆလုပ်ဆောင်သင့်သည်များရှိကြောင်း ၎င်းက ပြောသည်။

“အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချိုကလည်း အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို အားလုံး သတိရဖို လိုပါတယ်။ အဲသည့် အပြောင်းအလဲ‌တွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အားလုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို ယူဆရပါတယ်။ ကျွန်တော်တို့ဟာ အပြောင်းအလဲကို စိုးရိမ်လို မရပါဘူး။ အပြောင်းအလဲကို ကြီးမှူးနိုင်ဖိုကသာ အဓိကကျတယ်လို့ နားလည်ထားဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အလိုက် လုပ်ရမယ့် မဟာဗျူဟာ ဆွေးနွေးချက်တွေကို လုပ်နေတာ ရှိပါတယ်။ ကျွန်တော်တိုဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွက်လည်း ကြိုတွက်ပြီး ပြင်ထားဖို လိုသလို ၂၀၃၀ လောက်အထိ အကြမ်းဖျင်း တွက်ချက်ပြီး ချိန်ဆလုပ်ဆောင်တာတွေလည်း ရှိသင့်တယ်လို ထင်ပါတယ်။ လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲနဲ့ နိုင်ငံရေးအရ – စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး – နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံ၏ ဖိအားများရှိနေကြောင်း၊ ယင်းဖိအားကို လျစ်လျူရှုမရဘဲ တရုတ်မှီခိုနေရမှုများရှိနေကြောင်း၊ တရုတ် လွှမ်းမိုးမှု မခံရစေရေးအတွက် မည်သို့ ဆက်လုပ်မည်ကို စဉ်းစားချက်များရှိထားရန် အရေးကြီးကြောင်း သူက ဆိုသည်။

“အထူးသဖြင့် ဖိအားလို ပြောတဲ့နေရာမှာ – တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေလို ပြောနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို လျစ်လျှူရှုလို့ မရပါဘူး။ ဒါကို မဟာဗျူဟာအပြောင်းအလဲ အနေနဲ့ ရှုမြင်ပြီး – တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားကြဖို ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ – တော်လှန်ရေးအင်အားစုတွေကို အကြမ်း ဖျင်း ကြည့်လိုက်ရင် – စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တိုက ငြင်းပယ်လို့ မရသလို လျစ်လျှူရှုပစ်လိုက်လို့လည်း မရပါဘူး။” ဟု သမ္မတက ဆိုသည်။

တရုတ်ဖိအားကြောင့် လူထုတော်လှန်ရေးအနေဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်း သွား၍ မရတော့ကြောင်း၊ လူထု အထိမနာစေရန်နှင့် ဘေးထွက်ဆိုးကျိုးများကို သေချာစွာ တွက်ချက်စဉ်းစားရန် လိုအပ်ကြောင်း၊ ဖောက်ထွက်စဉ်းစားရန် လိုအပ်ကြောင်း သူက တိုက်တွန်းသည်။

“ကျွန်တော်တိုအနေနဲ့ရော … မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ – China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ – လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်တာကြောင့်၊ ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလိုတော့ မရတော့ဘူးလို ယူဆပါတယ်။ ကျွန်တော်တိုဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရမယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်းစားဖို လိုတယ်လို့ ပြောချင်ပါတယ်”ဟု ယာယီသမ္မတက တိုက်တွန်းပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရတွင် ဝန်ကြီး ဒေါက်တာဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဝန်ကြီး ဒေါ်ခင်မမမျိုး၊ ဝန်ကြီး ဦးထင်လင်းအောင်၊ ဝန်ကြီး ဒေါက်တာဆာဆာ၊ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဝန်ကြီး ဦးတင်ထွန်းနိုင်၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုဝန်ကြီး ဦးမော်ထွန်းအောင် အပါအဝင် ဝန်ကြီးနှင့် ဒုဝန်ကြီးတချို့မှာ ပြည်ပနိုင်ငံများသို့ ရောက်ရှိပြီး NUG နှင့်ပတ်သက်၍ နိုင်ငံတကာထောက်ခံမှုရရှိရေး စည်းရုံးလှုပ်ရှားမှုများ လုပ်ဆောင်နေကြသည်။

“နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒေါက်တာဆာဆာတို့လို့ ဝန်ကြီးနေရာတွေကတော့ ပြည်ပမှာ နေတာကတော့ ထိရောက်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်လိုနေရာမျိုးကလည်း ပြည်ပမှာ နေထိုင်ပြီး ဘဏ္ဍာငွေရှာဖွေတာက ပိုပြီး နည်းလမ်းကျပါတယ်။ ကျန်တဲ့ဝန်ကြီးတွေကတော့ ပြည်တွင်းမှာပဲ အခြေစိုက်ပြီး အလုပ် လုပ်တာက တော် လှန်ရေးအတွက် ပိုပြီးတော့ ထိရောက်မယ်ထင်ပါတယ်။ ပြည်ပရောက် ဝန်ကြီးတွေ ဘယ်လိုနည်းနဲ့ ပြန်ဝင်ကြမလဲ။ လုံခြုံရေး အာမခံချက်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကလည်း သေချာစီစဉ်ရမယ့်ကိစ္စရပ်လို့ မြင်ပါတယ်။ အပြောလွယ်ပေမယ့် အလုပ်ခက်နိုင်ပြီး တစ်ခုခု ချွတ်ချော်လို့မရတဲ့ကိစ္စတွေပါ ။ လုံခြုံရေး အာမခံချက်ရှိတဲ့နေရာမျိုးမှာ အခြေစိုက်ဖို့က အဓိက အရေးကြီးဆုံးပါပဲ။ လိုအပ်တဲ့ ဝန်ကြီးတွေက ပြည်ပမှာနေပြီး ပြည်ပမှာ နေဖို့ မလိုအပ်တဲ့ဝန်ကြီးတွေက ပြည်တွင်း ပြန်ဝင်တာက လက်တွေ့ကျပါတယ်။ ယာယီသမ္မတက ပြောတာကလည်း လက်တွေ့ကျပါတယ်” ဟု နွေဦးတော်လှန်ရေး သပိတ်ကွန်ရက်တစ်ခုမှ ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article