33 C
Yangon

မြို့သစ်မြို့နယ်တွင် အမှတ် ၁၇ ကပစ စက်ရုံ လုံခြုံရေးအတွက် ကျေးရွာ ၃ ခုကို စစ်ကောင်စီက အတင်းအကျပ် ပြောင်းရွှေ့ခိုင်းပြီး ဒေသပြည်သူများကို စစ်တပ်က အဓမ္မ လုပ်အားပေးခိုင်းစေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် အမှတ် ၁၇ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ) လုံခြုံရေးအတွက် အနီးအနားရှိ ကျေးရွာ ၃ ခုကို စစ်ကောင်စီက အတင်းအကျပ် ပြောင်းရွှေ့ခိုင်းပြီး ဒေသပြည်သူများကို စစ်တပ်က အဓမ္မ လုပ်အားပေးခိုင်းစေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနိုဝင်ဘာလနှောင်းပိုင်း မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ကပစ ၁၇ အနီးရှိ ကျွန်းဖိုတုန်းရွာ၊ ညောင်ပင်ကွင်းရွာ၊ ယူဂျီချောင်းတဲစုကျေးရွာ အပါအဝင် ကျေးရွာ ၃ ခုကို စစ်ကောင်စီက နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်၍ နှစ်ပတ်အတွင်း ချက်ချင်း ပြောင်းရွှေ့ပေးရန် ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာ မှ တောင်သူလယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် ယာခင်သီးနှံများကိုလည်း ရိတ်သိမ်းခွင့်မပေးတော့ကြောင်း သိရှိရသည်။

” မနေ့က စပြီး နှစ်ပတ်အတွင်း ကပစ ၁၇ နားက ရွာက အိမ်တွေအားလုံး အတင်းအဓမ္မပြောင်းရွှေ့ခိုင်းနေပါတယ်။ကျေးရွာမှာ နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ တောင်သူ ယာခင်းသီးနှံတွေလည်း ရိတ်သိမ်းခွင့်မပေးတော့ တောင်သူတွေ အလွန်အမင်းအခက်အခဲကြုံတွေ့နေပါတယ်။ အဓိကကတော့ ကပစစက်ရုံ လုံခြုံရေးအတွက် လူအဝင်အထွက်အရမ်းများတယ်ဆိုပြီး ပြောင်းခိုင်းတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ကပစစက်ရုံမှ တပ်သားများက ကျေးရွာများ ပြည်သူများကို လုပ်အားပေးခေါ်ယူခိုင်းစေပြီး လုပ်အားခမပေးကြောင်း၊ ခိုင်းသည့် အလုပ်များကို မလုပ်နိုင်သော ပြည်သူများကို စစ်တပ်က ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ကြောင်း သိရှိရသည်။

“ကပစ ၁၇ အနီးတစ်ဝိုက်က ပြည်သူတွေကိုလည်း ကပစက စက်ရုံက ထင်းခွေ၊ သစ်ခုတ် တောရှင်း၊ စတဲ့ အလုပ်တွေမှာ လုပ်အားပေးအဖြစ် တစ်ပတ်မှာ ၃ ရက်ပဲ နားခွင့်ပေးပြီး အတင်းခေါ်ခိုင်းနေပါတယ်။ လုပ်အားပေးရတဲ့ရက်တွေကိုလည်း လုပ်အားခမပေးပါဘူး မနက်၆နာရီက ညနေ၆နာရီအထိအလုပ် လုပ်ပေးရပါတယ် ။ကိုယ့် ထမင်းကိုစား ကိုယ့်ရေ ကို သောက်ပြီး လုပ်ပေးရတာပါ။ စကားပြောတာအဆင်မပြေရင်လည်း အရိုက်ခံရသေးတယ်” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – ဒေသပြည်သူများကို စစ်တပ်က အတင်းအကျပ် လုပ်အားပေးခိုင်းစေနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဒေသပြည်သူများကို စစ်တပ်က အတင်းအကျပ် လုပ်အားပေးခိုင်းစေနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article