26 C
Yangon

တောင်ကိုရီးယားတွင် သမ္မတက စစ်အုပ်ချုပ်ရေး ကြေညာပြီး ၂ နာရီခွဲအတွင်း လွှတ်တော်က ယင်းစစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်

Must read

တောင်ကိုရီးယားတွင် သမ္မတက စစ်အုပ်ချုပ်ရေး ကြေညာပြီး ၂ နာရီခွဲအတွင်း လွှတ်တော်က ယင်းစစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်

🟥 သမ္မတ၏ မိခင်နိုင်ငံရေးပါတီနှင့် ယခင်သမ္မတဟောင်းတို့ကပါ လက်ရှိ သမ္မတကို မထောက်ခံတော့ဘဲ စစ်တပ်ကလည်း ပါလီမန်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှုဖြင့် တပ်များ ပြန်ရုပ်သိမ်း

ရန်ကုန်၊ ဒီဇင်ဘာ ၄

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်ရန် သမ္မတ၏ မိခင်ပါတီမှ လွှတ်တော်အမတ်များကပါ အတိုက်အခံအမတ်များနှင့်ပူးပေါင်း၍ ပါလီမန်တွင် စစ်အုပ်ချုပ်ရေး ကြေညာမှုကို အဆုံးသတ်ကြောင်း မဲခွဲ ဆုံးဖြတ်လိုက်ကြသည်။

တောင်ကိုရီးယားပါလီမန်တွင် လွှတ်တော်အမတ် ၃၀၀ ရှိသည့်အနက်မှ အတိုက်အခံပါတီက အမတ်နေရာ ၁၇၂ နေရာ သိမ်းပိုက်ထားခြင်းဖြစ်သည်။ ယနေ့ နံနက်အစောပိုင်း တောင်ကိုရီးယားပါလီမန်က လွှတ်တော်အမတ် ၁၉၀ ဖြင့် လွှတ်တော်အစည်းအဝေးခေါ်ယူခဲ့ရာ အစည်းအဝေးတက်ရောက်ခဲ့သော သမ္မတ၏ မိခင်ပါတီဖြစ်သော People Power ပါတီမှ လွှတ်တော်မတ် ၁၈ ဦးကပါ အတိုက်အခံလွှတ်တော်အမတ်များနှင့်ပူးပေါင်း၍ သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ချက်ချင်း ပြန်ရုပ်သိမ်းရန် ဆန္ဒမဲပေးခဲ့ကြသည်။

ထို့ကြောင့် အမတ် ၁၉၀ တက်ရောက်သော တောင်ကိုရီးယားပါလီမန်လွှတ်တော် အစည်းအဝေးက က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ကြောင်း ဆန္ဒမဲ ၁၉၀ ဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားပါလီမန် အကြီးအကဲ Woo Won-shik က .သမ္မတအနေဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းရန် စာပေးပို့လိုက်ပြီး စစ်အုပ်ချုပ်ရေး အမိန့်ကြေညာမှုမှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုသည်။

တောင်ကိုရီးယား အခြေခံဥပဒေအရ ပါလီမန်မှ အများစု တောင်းဆိုလျှင် သမ္မတအနေဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ကို မဖြစ်မနေ ပြန်လည် ရုပ်သိမ်းရ မည်ဖြစ်သည်။

“သမ္မတရုံးအနေနဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို နှောင့်နှေးမှု မရှိဘဲ ချက်ချင်း ပြန်ရုပ်သိမ်းဖို့ အသိပေးပါတယ်” ဟု တောင်ကိုရီးယားပါလီမန် အကြီးကဲက ပြောသည်။

တောင်ကိုရီးယားစစ်တပ်ကလည်း ပါလီမန်၏ ဆုံးဖြတ်ချက်ကို လိုက်နာသောအားဖြင့် လွှတ်တော်အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ပြီး စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့သော တောင်ကိုရီးယားသမ္မတကို မိခင်နိုင်ငံရေးပါတီနှင့် ယခင် သမ္မတဟောင်းကပါ လုံး၀ မထောက်ခံတော့ပေ။

လက်ရှိ တောင်ကိုရီးယားသမ္မတမှာ ဇနီးသည်၏ အကျင့်ပျက်ခြစားမှုများနှင့်အတူ လူထု၏ ထောက်ခံမှု အကြီးအကျယ် ကျဆင်းလျက်ရှိကြောင်း သတင်းများက ဆိုသည်။

ဓာတ်ပုံ- တောင်ကိုရီးယားသမ္မတနှင့်ဇနီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article