21 C
Yangon

နေပြည်တော်၊ တပ်ကုန်းတွင် အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွား၍ ငွေကျပ် ၆ သိန်းဖြင့် ရွေးယူရ ၊ အောင်လံတွင်လည်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ အခြေအနေဆိုးရွားနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် အသက်မပြည့်သေးသော အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားအဖြစ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးသွား၍ ငွေကျပ် ၆ သိန်းဖြင့် ရွေးယူရကြောင်း ဖမ်းဆီးခံရသော ကလေးငယ်၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်(အနောက်)၊ သာယာအေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်တင်ထွေးက အဆိုပါကျေးရွာနေ ကိုအောင်နိုင်မိုး၏သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားသစ်အဖြစ် စုဆောင်းရေးဟုဆိုကာ ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့ကြောင့် မိဘဆွေမျိုးများက ကလေးမှာ အသက် ၁၆ နှစ်သာရှိသေးပြီး အသက်မပြည့်သေးကြောင်း အထောက်အထားများနှင့်တကွ လိုက်လံထုတ်ယူသော အခါ ငွေကျပ် ၆ သိန်းပေးမှ ပြန်လည် လွှတ်ပေးမည်ဟုဆိုကာ ငွေတောင်းယူကြောင်း၊ ထို့ကြောင့် ငွေကျပ် ၆ သိန်းဖြင့် ကိုအောင်နိုင်မိုး၏ သားဖြစ်သူကို ပြန်လည် ရွေးယူရကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်း သာယာအေးရွာတောင်ဘက် ဆင်သေဆည်အနီးမှာ တဲထိုးပြီး ငါးဖမ်းစားသောက်တဲ့ ကိုအောင်နိုင်မိုးရဲ့သားကို ကျေးရွာအုပ်ကြီး မောင်တင်ထွေးနဲ့အဖွဲ့က ဝင်ဖမ်းတာ။ကလေး က အသက်မပြည့်သေးဘူးဆိုတာ အထောက်အထားနဲ့ပြတော့မှ ၆ သိန်းနဲ့ ရွေးခိုင်းတယ်”ဟု ဆွေမျိုးများက ပြောဆိုသည်။

ထို့ပြင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်(အနောက်)၊ သာယာအေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်တင်ထွေးက ကျေးရွာပြည်သူများထံမှ လစဉ် ငွေကျပ် ၂ သောင်းအဖြစ် ကောက်ခံကြောင်း၊ အဆိုပါ ကောက်ခံသော ငွေကြေးမှာ စစ်မှုမထမ်းလိုပါက ပေးရမည်ဟုဆိုကာ အတင်းအကျပ် ကောက်ခံကြောင်း၊ သာယာအေးကျေးရွာတွင် အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိပြီး လစဉ်လတိုင်း ရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ငွေကြေးများ အတင်းအကျပ် ကောက်ခံနေကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ စစ်တပ်နှင့်ရဲများက ဂိတ်များချ၍ လည်းကောင်း၊ လှည့်ကင်းများဖြင့် လည်းကောင်း လူငယ်များကို လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း၊ အထူးသဖြင့် ခရီးသည်တင်ကားများပေါ်မှ ခရီးသွားလူငယ်များကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှီရသည်။

“ညဘက်ဆို မြို့ပတ်လမ်းမှာ စစ်တပ်နဲ့ရဲက ၃ဖွဲ့ ၊ ၄ဖွဲ့ ခွဲပြီး ကင်းပတ်တယ်။ ကုန်ကားသမားတွေကို ငွေ အဆမတန်တောင်းတယ်။ ရစ်လည်း ရစ်တယ်။ မနက်ဆိုရင်လည်း အိမ်စီးကား တစ်စီးနဲ့ မြို့ပတ်ပီး လူငယ်တွေရှိတဲ့ နေရာဆို ကားရပ်ပြီး ကားပေါ်ဆွဲခေါ်သွားတာပါ။ ညဘက်ဆို မြို့ပတ်လမ်း ရယ် မြို့အဝင်ဂိတ် အထွက်ဂိတ်မှာ ခရီးသွားတွေကို ပေါ်တာ ဆွဲဖမ်းဆီးတာတွေလည်း ရှိပါတယ်။ ခရီးသည်တင် Express ကားတစ်စီးကို အနည်းဆုံး လူငယ် ၅ ဦးနှုန်း ဖမ်းတာ။ ပြီးရင် ငွေတောင်းတယ်။ ငွေပေးနိုင်ရင် ပြန်လွတ်တယ်။ မပေးနိုင်ရင်တော့ တပ်ထဲသွင်းတယ်။ အောင်လံမှာတော့ စစ်သားနဲ့ရဲ ပေါင်းပြီး လုပ်စားဂွင်ကြီးဖြစ်နေတယ်” ဟု အောင်လံမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – စစ်တပ်၏ အတင်းအကျပ် စုဆောင်းခံရသော တပ်သားသစ်လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်၏ အတင်းအကျပ် စုဆောင်းခံရသော တပ်သားသစ်လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article