ရန်ကုန်၊ ဒီဇင်ဘာ ၁၀
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံပေါင်း ၁၆ ခုသို့ မြန်မာအလုပ်သမားများ စေလွှတ်နေပြီး ရုရှား အပါအဝင် နိုင်ငံသစ်များသို့ပါ အလုပ်သမားများ တင်ပို့နိုင်ရန် ကြိုးပမ်းနေကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ မြန်မာအလုပ်သမားများကို နိုင်ငံပေါင်း ၁၆ နိုင်ငံအထိ တိုးချဲ့တင်ပို့ခဲ့ကြောင်း၊ လတ်တလော စစ်ကောင်စီက မြန်မာအလုပ်သမားများ တင်ပို့နေသော နိုင်ငံများမှာ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ကာတာ၊ ယူအေအီး၊ ဂျော်ဒန်၊ ကူဝိတ်၊ တူရကီ၊ ဟန်ဂေရီ၊ တောင်ကိုရီးယား၊ လာအို၊ ဘရူးနိုင်း၊ တရုတ်နိုင်ငံ၊ အယ်လ်ဘေးနီးယားနိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့သို့ မြန်မာအလုပ်သမားများ တင်ပို့နေကြောင်း၊ ယခုအခါ ရုရှား အပါအဝင် နိုင်ငံသစ်များဆီသို့ပါ မြန်မာအလုပ်သမားများ တင်ပို့နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။
“အခုလက်ရှိအထိ ၁၆ နိုင်ငံက အလုပ်သမားဝန်ကြီးဌာနအနေနဲ့ တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကတစ်ဆင့် တင်ပို့ခွင့်ပြုတယ်။ Demand Letter လက်ခံတယ်။ ထိုင်း၊ ကိုရီးယား၊လာအိုတို့ဆိုရင် MOU လက်မှတ်ထိုးထားတယ်။ ရုရှားကလည်း မကြာခင် အလုပ်သမားတွေ သွားခွင့်ပြုတော့မယ်” ဟု အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။
ရုရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ရန်အတွက် အဓိက အခြေခံ ရုရှားဘာသာစကား မဖြစ်မနေ တတ်မြောက်ရမည်ဖြစ်ပြီး ရုရှားဘာသာ စကား အခြေခံသင်တန်းများကို စစ်ကောင်စီက အစီအစဉ်ဖြင့် ဖွင့်လှစ်ခြင်းများရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိက ရုရှားဘာသာစကား သင်တန်းများ ဖွင့်လှစ်ရန်လည်း တရားဝင်ခွင့်ပြုပေးထားကြောင်း၊ လတ်တလော ရုရှားနိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စိုက်ပျိုးရေး လုပ်ငန်းခွင်များအတွက် အလုပ်သမားများ ခေါ်ယူမည်ဖြစ်ပြီး ဝန်ဆောင်ခမှာ Zero Cost ဖြစ်ကြောင်း သိရှိရသည်။
ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် G to G စနစ်ဖြင့် စေလွှတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ အလုပ်သမားဝန်ကြီးဌာနက တရားဝင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ရန်အတွက် တရားဝင်ကြေညာမှုများကိုလည်း မကြာမီ ပြုလုပ်ရန်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar