ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ဆီးရီးယားနိုင်ငံမှ အာဏာရှင် သမ္မတ ဘာရှားအာဆတ်ပြုတ်ကျပြီး နိုင်ငံမှ ထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အပါအဝင် အာဏာရှင်များ အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း ဆော်ဩလိုက်သည်။
ယမန်နေ့ ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်း ဆော်ဩလိုက်ခြင်းဖြစ်သည်။
ဆီရီးယားတွင် အာဏာရှင် အာဆတ် ပြုတ်ကျသွြးမှုက မြန်မာနိုင်ငံအတွက် အားတက်စရာဖြစ်ကြောင်း၊ စစ်မှန်ပြီး လက်တွေ့ကျသည့် တော်လှန်ရေးတိုင်းသည် အာဏာရှင်များကို အောင်ပွဲခံနိုင်သည်ကို ယုံကြည်ကြောင်း၊ အာရပ်နွေဦးတော်လှန်ရေးတွင် အာဏာရှင်ခေါင်း ဆောင် များ လက်မြှောက် အရှုံးပေးသွားခဲ့ကြရသည်ကို အားလုံး သိထားပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။
“အခု ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီခေါင်းဆောင်တွေကို ပြည်သူလူထုဟာ အဆုံးသပ်နိဂုံးချုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ ကျနော်တို့ နိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် ကျနော်တို့ အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယုံကြည်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
ဆီရီးယားသမ္မတ အာဏာရှင် အာဆတ်သည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆီးရီးယားနိုင်ငံမှ ရုရှားနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ခဲ့သော ဆီရီးယားတော်လှန်ရေးမှာ ၁၄ နှစ်အကြာတွင် အောင်မြင်စွာဖြင့် အဆုံးသတ်သွားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဆီးရီးယားအာဏာရှင် အာဆတ် နိုင်ငံမှ ထွက်ပြေးသွားသည့် သတင်းများကို လုံး၀ ဖော်ပြခြင်းမပြုဘဲ သတင်းအမှောင်ချခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဆီးရီးယားအာဏာရှင် အာဆတ်နှင့် အကြမ်းဖက် မင်းအောင်လှိုင်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2024/12/469916410_945253371035603_8394610063402717909_n.jpg)